စစ်ကောင်စီ၏ဖျက်ဆီးမှုကြောင့် နေအိမ် ၈၀,၀၀၀ ကျော်ပျက်စီးဟု Data For Myanmar ထုတ်ပြန်

စစ်ကောင်စီ​၏ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဓမ္မသရွာ မီးလောင်ပျက်စီးမှု အခြေအနေများ

YT

(မဇ္ဈိမ)။ ။အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၈၃,၇၄၆ လုံး ပျက်စီးခဲ့ရကြောင်း မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အချက်အလက်များအားကောက်ယူနေ သည့် Data for Myanmar က ယမန်နေ့(ဧပြီလ ၁၄ ရက်)က သတင်းထုတ်ပြန်သည်။
အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်း များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝှမ်း၌ နေအိမ် ၈၃,၇၄၆ လုံး ပျက်စီးရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နေအိမ် မီးရှို့ဖျက်ဆီးခံရမှု ၁၀၀၀ အောက် လျော့နည်းသွားသော်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီး မတ်လအတွင်း နေအိမ် ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဆိုသည်။

မတ်လအတွင်း စစ်ကိုင်းတိုင်းတွင် ၁,၈၅၁ လုံးခန့်နှင့် မန္တလေးတိုင်းတွင် ၆၂၈ လုံးဖြင့် အများဆုံး မီးရှို့ ခံခဲ့ရကြောင်းလည်း ဆိုသည်။

အလားတူ မတ်လနောက်ဆုံးအပတ်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၃၀၀ ကျော် မီးရှို့ပျက်စီးခဲ့ရ သည်။

Data for Myanmar သည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း၌ ဖြစ်ပွားနေသည့် အခြေအနေများ ကို အချက်အလက်များအဖြစ် စာရင်းပြုစု၊ မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

Data for Myanmar ၏ အဆိုအရ ၎င်းတို့ စာရင်းပြုစုထုတ်ပြန်ထားသည့် အရေအတွက်ထက် မြေပြင် တွင် ပို၍များနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။စောဖေ