တောင်တရုတ်ပင်လယ်၌ စစ်ရေးတည်ဆောက်မှု တိုးမြှင့်လာသည့် တရုတ်ကို စိန်ခေါ်ရန် ဂျပန်က ၁၀ နှစ် စီမံကိန်းရေးဆွဲ

Mizzima:

ဂျပန်နိုင်ငံသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့နှင့် ရေတပ်စွမ်းဆောင်ရည်များကို မြှင့်တင်ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေရန် ၁၀ နှစ်တာ လမ်းပြမြေပုံ အသစ်တခု ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် တရုတ်ကို တုံ့ပြန်မည့် ခိုင်မာအားကောင်းသော တန်ပြန်ဆောင်ရွက်မှုများကို အင်ဒို-ပစိဖိတ်ဒေသတွင် မြင်တွေ့လာရတော့မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ သန္တာကျောက်ကျွန်းခွေများနှင့် သောင်စွယ်များကို တရုတ်၏ ထိပါးကျူးကျော်မှုများက ကာကွယ်ရန် ကြိုးပမ်းနေသည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ ဂျပန်က ဆယ်စုနှစ်အတွင်း အကူအညီများ တဆင့်ချင်း စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနှင့်နီးစပ်သော ပညာရှင်တဦးဖြစ်သည့် ကာကွယ်ရေးလေ့လာမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ အကြီးတန်းအရာရှိ မာဆာဖူမီအီဒါကို ကိုးကား၍ South China Morning Post သတင်းတွင် ဖော်ပြထားသည်။

ယင်းအရှေ့တောင်အာရှလေးနိုင်ငံ၏ ရေတပ်စွမ်းရည်တည်ဆောက်ရေး လမ်းပြမြေပုံအသေးစိတ်ကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ရေးဆွဲနေခြင်း ဖြစ်သည်။ အဆိုပြုလမ်းပြမြေပုံကို လတ်တလောထုတ်ပြန်နိုင်ဦးမည်မဟုတ်သော်လည်း အရှေ့တောင်အာရှလေးနိုင်ငံစလုံးသို့ ဒရုန်းများ၊ ရေဒါစနစ်များနှင့် ကင်းလှည့်ရေယာဉ်များ ပေးအပ်ရန် ဂျပန်အာဏာပိုင်များအကြား ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဂျပန်တာဝန်ရှိသူများသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ထားပြီး မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း အလားတူဆောင်ရွက်ချက်များ ဧပြီလတွင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဂျပန်သတင်းဌာနဖြစ်သည့် NHK သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဂျပန်က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်လုံခြုံရေးအကူအညီ(OSA)၏ အလားအလာအပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။ အဆိုပါ OSA အစီအစဉ်အရ ဒေသတွင်း တည်ငြိမ်မှုကိုခိုင်မာစေရန် အခြားနိုင်ငံများ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် ယင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အာဏာပိုင်များကို ငွေကြေးထောက်ပံ့သွားမည် ဖြစ်ကြောင်း ဂျပန်က ကြေညာခဲ့သည်။

အဆိုပါ OSA အစီအစဉ်ကို ဂျပန်၏ ပြည်ပဖွံ့ဖြိုးရေးအကူအညီ အစီအစဉ်နှင့် တပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့၏ ရေတပ်စွမ်းရည်မြှင့်တင်ရန် ရေးဆွဲနေသည့် ဆယ်နှစ်စာ လမ်းပြမြေပုံအသစ်သည် ကာကွယ်ရေးကဏ္ဍတွင် ယင်းအရှေ့တောင်အာရှလေးနိုင်ငံအတွက် သီးခြားကူညီထောက်ပံ့ရေး မူဘောင်တခုအဖြစ် ယူဆနိုင်သည်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့အနေဖြင့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေများအပေါ် တရုတ်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အရည်အသွေးမြင့် ကာကွယ်ရေး ပစ္စည်းကိရိယာများ ဝယ်ယူခြင်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့တွင် ဂျပန်က ကူညီသွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဖိလစ်ပိုင်ရှိ JICA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများသည် ဖိလစ်ပိုင်အစိုးရနှင့် ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံခဲ့ပြီး ဒေသတွင်း တရိပ်ရိပ်မြင့်တက်လာသော လုံခြုံရေးစိန်ခေါ်မှုများကြောင့် ဂျပန်အနေဖြင့် ဖိလစ်ပိုင်ကို တရားဝင်လုံခြုံရေးအကူအညီ(OSA)နှင့်ဆက်စပ်သည့် အကူအညီများ ပေးအပ်ရန် ဆန္ဒရှိကြောင်း ဆွေးနွေးခဲ့သည်ဟု The Japan Times သတင်းတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းက ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၏ ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် ပိုမိုဆောင်ရွက်လာစေနိုင်မည့် တပ်ဖွဲ့များအပြန်အလှန်ဝင်ရောက်ခွင့်ဆိုင်ရာသဘောတူစာချုပ်(RAA)နှင့်ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန် သဘောတူညီခဲ့ကြောင်း The Yomiuri Shimbun သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နှင့် ဖိလစ်ပိုင်တို့ကြား အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုပြီးပါက နှစ်နိုင်ငံစစ်တပ်များမှ တပ်ဖွဲ့များသည် နှစ်နိုင်ငံရှိ စစ်အခြေစိုက်စခန်းများသို့ အပြန်အလှန် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး တပ်ဖွဲ့များ အလှည့်ကျ ချထားခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ခြင်းတို့ ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။ ဂျပန်သည် ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့နှင့်လည်း အလားတူ သဘောတူစာချုပ်များ ယခင်က ချုပ်ဆိုထားပြီး ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် နိုဝင်ဘာလတွင် သွားရောက်ခဲ့သည့် ဖိလစ်ပိုင်ခရီးစဉ်အတွင်း OSA အစီအစဉ်အရ ဖိလစ်ပိုင်နိုင်ငံသို့ ဒေါ်လာ လေးသန်းတန်ဖိုးရှိ ကမ်းရိုးတန်းထောက်လှမ်းရေးရေဒါများ ထောက်ပံ့သွားရန် ကတိပြုခဲ့သည်။

ထို့ကြောင့် ဖိလစ်ပိုင်သည် ဂျပန်၏ လုံခြုံရေးဆိုင်ရာ အကူအညီအစီအစဉ်မှ အကျိုးခံစားခွင့်ရသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်သို့ ကမ်းရိုးတန်းထောက်လှမ်းရေးရေဒါများ ပေးအပ်မည့် ဂျပန်၏ ထုတ်ပြန်ချက်သည် ၂၀၂၀ ခုနှစ်တွင် ချုပ်ဆိုခဲ့သော သဘောတူစာချုပ်တခုအရ ဂျပန်ထံမှ ဖိလစ်ပိုင်က ဝယ်ယူခဲ့သည့် ပထမဆုံး လေကြောင်းဆိုင်ရာ ထောက်လှမ်းရေးရေဒါစနစ်ကို ပေးပို့ပြီးနောက် ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ အကူအညီများ၏ နောက်ကွယ်မှ ဂျပန်၏ရည်ရွယ်ချက်မှာ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတလျှောက် ကာကွယ်ရေးနှင့် လုံခြုံရေးယန္တရားတခု တည်ဆောက်ရန် ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၏ ခရီးစဉ်အတွင်း ယင်းကိစ္စလည်း ပါဝင်ခဲ့ပြီး OSA ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်များအကြား ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ တပ်ဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များအကြား ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းတို့ အပါအဝင် ပင်လယ်ရေကြောင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့သည်။ ဂျပန်နိုင်ငံသည် မလေးရှားနိုင်ငံ၏ ရေကြောင်းလုံခြုံရေးမြှင့်တင်နိုင်ရေးအတွက် ဒေါ်လာ ၂ ဒသမ ၈ သန်း ထောက်ပံ့ရန် သဘောတူညီခဲ့သည်။

ဗီယက်နမ်နိုင်ငံနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသည် တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာစည်းမျဉ်းကို ထိန်းသိမ်းမြှင့်တင်ရန် ယခင်ကထက် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က ဗီယက်နမ်သမ္မတဗိုဗန်သောင်နှင့်အတူ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် ကီရှီဒါ၏ ပြောကြားချက်များကို ကိုးကား၍ The Yomiuri Shimbun သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်သမ္မတ၏ ခရီးစဉ်အတွင်း ဂျပန်နှင့်ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။ နှစ်နိုင်ငံ ဆွေးနွေးဆဲဖြစ်သည့် OSA အစီအစဉ်အရ ဗီယက်နမ်နိုင်ငံသို့ စစ်လက်နက်နှင့် ကာကွယ်ရေးနည်းပညာများ ပေးအပ်ရန် ဂျပန်က သဘောတူခဲ့သည်။

ဂျပန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ ရေတပ်စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အထောက်အကူပြုရန် ဒေါ်လာ ၆၃ သန်းတန်ကြေးရှိ ကင်းလှည့်ရေယာဉ်များ ပေးအပ်ရန် သဘောတူညီခဲ့သည်။ အရှေ့တောင်အာရှလေးနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အကူအညီများပေးအပ်မည့် ဂျပန်နိုင်ငံ၏ လမ်းပြမြေပုံအသစ်ကို တရုတ်က ဆန်ကျင်ကန့်ကွက်ကြောင်း ကြေညာချက် တစုံတရာ ထုတ်ပြန်မှု မရှိသေးခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အာဆီယံနှင့် အထူးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည့် ဂျပန်နိုင်ငံနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ အာဘော်ဖြစ်သော Global Times သတင်းစာက ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ဖူးသည်။ ဂျပန်နိုင်ငံသည် မိမိ၏ ရေကြောင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများအား အသုံးချလိုသည့် ရည်ရွယ်ချက်ကို သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် တရုတ်နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ဂျပန်နှင့် အာဆီယံနိုင်ငံများ၏ ပူးတွဲထုတ်ပြန်ချက်အပေါ် တရုတ်က ဒေါသထွက်ခဲ့ပုံရသည်။ “ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဂျပန်နှင့် အာဆီယံတို့ကြား လုံခြံရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်-အာဆီယံ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂျပန်နှင့် အာဆီယံနိုင်ငံများကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အခြားနိုင်ငံတခုအား တိုက်ရိုက်ဆန့်ကျင်လာပါက ဒေသတွင်းတည်ငြိမ်မှုအပေါ် များစွာ ဆိုးကျိုးသက်ရောက်လာစေနိုင်ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့က စစ်ရေးစွမ်းရည်တည်ဆောက်မှုများ တိုးမြှင့်ဆောင်ရွက်လာသောကြောင့် မကြာသေးမီနှစ်များအတွင်း အင်ဒို-ပစိဖိတ်ဒေသအတွင်း ပထဝီ-လုံခြုံရေး အခြေအနေများ လုံးလုံးလျားလျား ပြောင်းလဲလာခဲ့သည့်အတွက် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်လိုသည့် သဘောထားကို ဘေးဖယ်ပြီး လက်တွေ့ကျကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်လာခဲ့သည်။

ဂျပန်သည် ၎င်း၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒလမ်းကြောင်းကို ပြောင်းလဲခဲ့သည်။ ဂျပန်မြေပေါ်တွင် အမေရိကန် နျူကလီးယားလက်နက်အဆောက်အအုံများကို လက်ခံမှုနှင့်ပတ်သက်၍ ဂျပန်အစိုးရအဖွဲ့အတွင်း ရိုက်ခတ်လျက်ရှိပြီး ရန်သူ့စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် စွမ်းဆောင်ရည်မြှင့်တင်ရေးကိုလည်း ဂျပန်က ပစ်ပယ်မထားပေ။ စည်းမျဉ်းအခြေပြု နိုင်ငံတကာ အစီအစဉ်ကို ထိန်းသိမ်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန် ဂျပန်နိုင်ငံသည် မဟာဗျူဟာနှင့် စီးပွားရေးမိတ်ဖက်ကွန်ရက် တည်ဆောက်ခြင်းနှင့် မိတ်ဖက်နိုင်ငံများ၊ အင်ဒို-ပစိဖိတ်ဒေသရှိ သဘောထားတူသည့် နိုင်ငံများနှင့် လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ခြင်းတို့အပါအဝင် မူဝါဒအစီအမံအသစ်များ ချမှတ်ခြင်းကို ရှောင်ရှားနေခြင်း မဟုတ်ပေ။