ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်ကောင်စီ ခွင့်မပြုသေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်ကောင်စီ ခွင့်မပြုသေး

001 (မဇ္စျိမ)။ ။ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေအဖွဲ့၏ တောင်းဆိုထားမှုကို စစ်ကောင်စီဘက်က ခွင့်ပြုခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။


COVID ကာလကတည်းက ပိတ်ထားခဲ့သည့် ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း မိသားစုဝင်သာတွေ့ခွင့်ရမည်ဖြစ်ကြောင်း အကြောင်းပြချက်ဖြင့် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်မပေးကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောသည်။
“ရှေ့နေက တွေ့ဖို့ခွင့်တောင်းတယ်လေ။ မိသားစုပဲတွေ့ခွင့်ရမယ်လို့သူတို့ (အကျဉ်းထောင်တာဝန်ရှိသူ)က ဆိုတယ်။ အဲ့ဒီတော့ရှေ့နေက စာတင်ဖို့ သူတို့ပြောတယ်။ တွေ့ခွင့်သီးခြားတွေ့ဖို့အတွက် စာတင်ပေးပါ။ သူတို့ ထပ်တင်ပေးမယ်လို့ပြောတယ်”ဟု ဆိုသည်။


ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်အချုပ်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းသွားရောက်ပေးပို့မှုတွင် ထောင်တာဝန်ရှိသူများက စာထပ်တင်ရန် ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုကိစ္စများဆွေးနွေးနိုင်ရေး တွေ့ဆုံခွင့်ရရန် ရှေ့နေအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလကစပြီး စာဖြင့် အကြိမ်ကြိမ်တင်ပြမှုများ ပြုလုပ်ထားခြင်းဖြစ်သော်လည်း စစ်ကောင်စီက လက်ရှိအချိန်ထိအကြောင်းမပြန်သေးကြောင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည့်အပေါ် တွင်လည်း ရှေ့နေအဖွဲ့ဝင်များတွေ့ပြီး ဆွေးနွေးရမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကလည်းပြောသည်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံတွင် မိသားစုဝင်များမရှိသကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေအဖွဲ့နှင့်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး လူချင်းတွေ့ဆုံခွင့် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။


လက်တလော ပြန်လည်ခွင့်ပြုပေးခဲ့သည့် ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့်မှာ တလလျှင် တကြိမ်သာသတ်မှတ်ထားပြီး အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် မိသားစုဝင်များသာ တွေ့ခွင့်ရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကလည်းပြောသည်။


“တချို့အိမ်ထောင်ကျသွားတယ်။ ဒါပေမဲ့ အိမ်ထောင်စုဇယားထဲမှာ စာရင်းမထည့်ရသေးဘူး။ အဲ့ဒီလိုမျိုးလူတွေဆိုရင်တွေ့ခွင့်မရဘူး။ အဲ့ဒီမှာပါတဲ့ မိသားစုဝင်ပဲသွားတွေ့လို့ရတာပေါ့နော်။ အရင်တုန်းကတော့ တဦးလို့သိခဲ့ပေမယ့် ဒီနေ့မှာတော့ နှစ်ဦးထိလက်ခံတယ်ပြောတယ်ဗျ”ဟု အဆိုပါကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။
ထို့ပြင် ထောင်ဝင်စာတွေ့ဆုံလိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ တပတ်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ ၊ COVID ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်းအထောက်အထားစသည်တို့ကိုလည်း ယူဆောင်လာရန် လိုအပ်ကြောင်းလည်း သိရသည်။


စာတည်း။ ။ အောင်ကျော်ဖြိုး