မဟာမိတ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် မန္တလေးမှာ အစစ်အဆေးကြမ်း

မဟာမိတ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် မန္တလေးမှာ အစစ်အဆေးကြမ်း

မန္တလေးမြို့အား စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားစဥ်(ပုံဟောင်းဖြစ်ပါသည်)

007 (မဇ္စျိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် မန္တလေးမြို့တွင် လုံခြုံရေးထူထပ်စွာချထားသည်ကိုတွေ့ရပြီး၊ ပုံမှန်ထက်လည်းအစစ်အဆေးကြမ်းနေကြောင်း ဒေသခံများထံကသိရသည်။

“မြို့ပတ်လမ်းတွေမှာ လုံခြုံရေးပိုကျပ်ထားတာတွေ့ရတယ်၊ ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက်စစ်တာတွေ့ခဲ့ရတယ်၊ ကင်းပုန်း၀ပ်ကင်းတွေမှာ အရပ်၀တ်တွေလည်းပါတယ်၊ ယာဉ်ဖမ်းတဲ့အဖွဲ့ကသတ်သတ် လုံခြုံရေးအရ စစ်တဲ့အဖွဲ့ကသတ်သတ်၊ တနေကုန်အစစ်အဆေးကြမ်းတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ အငှားယာဉ်မောင်းတဦးကပြောသည်။

နံနက်မိုးလင်းပိုင်းကစ၍ ၃၅ လမ်းနှင့်ကမ်းနားမြို့ပတ်လမ်းအနီး၊ ၂၇ လမ်းနှင့် လမ်း ၈၀ ထောင့်၊ ၇၃ လမ်းနှင့် သိပ္ပံလမ်းထောင့် စသည့် မြို့တွင်းလမ်းမကြီးများတွင် ပြောက်ကျား၀တ် လက်နက်ကိုင်စစ်ကောင်စီတပ်သား များက လုံခြုံရေးတင်းကျပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့တွင်းလမ်းများနည်းတူ မြို့အ၀င်ဂိတ်များတွင်လည်း လုံခြုံရေးထူထပ်စွာချထားကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူများကလည်းဆိုသည်။

“ဆိုင်ကယ်ဆိုရင် ဆင်းတွန်းရတယ်၊ Toll Box အဆင်သင့်ဖွင့်ပေးထားရတယ်၊ တချို့ သူတို့မသင်္ကာလို့ သတ်မှတ်ခံရရင်၊ အထုပ်အပိုးတွေကအစဖွင့်ရှာတာခံရတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြို့ခံတဦး ကပြောသည်။

မန္တလေးမြို့အ၀င်ဂိတ်များဖြစ်သည့် စစ်ကိုင်းတံတားအဆင်း(မန္တလေးဘက်)ဂိတ်၊ မန္တလေး-လားရှိုးလမ်းပိုင်းရှိ ၁၆ မိုင်ကုန်သွယ်ရေးဂိတ်၊ မြို့မြောက်ဘက်အ၀င်ရွှေကျင်ဂိတ်တို့တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး ပုံမှန်ထက် အစစ်အဆေးပိုမိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် ပြင်ဦးလွင်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပုံစံအမျိုးမျိုးဖြင့် အသင့်အနေအထားလုံခြုံရေးယူထား ကြောင်း သတင်းများကဆိုသည်။

လက်ရှိတွင်၊ စစ်ကောင်စီသည်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကိုလည်း အ၀င်အထွက် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အဖြစ် အောက်တိုဘာလ ၂၉ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် MDY PDF တို့ပူးပေါင်းပြီး နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ခမရ(၁၁၄)တပ်ရင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများက တပ်ရင်းကိုစွန့်ခွာထွက်ပြေးသွားကြသလို၊ စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းများလည်း မြို့ကိုစွန့်ခွာရှောင်တိမ်းနေကြကြောင်း ဒေသခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)