ပျောက်ဆုံးနေသော ၃ နှစ်အရွယ် ကလေးကို ဒဏ်ရာများဖြင့် သေဆုံးလျှက် ပြန်တွေ့

ရွှေနွယ်

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း။ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာက ပျောက်ဆုံးနေသော အသက် (၃) နှစ်အရွယ် ကလေးငယ်ကို လေးရက်အကြာမှာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးလျှက် ပြန်တွေ့ကြောင်း မိသားစုဝင်များက မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသော မောင်ဇွဲမာန်သစ်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏ အရှေ့တောင်ဘက်ရှိ ချောင်းစပ်၌ ပြန်လည်ရှာဖွေတွေ့ခြင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

“(ရှာတွေ့တာက) ရွာရဲ့အရှေ့တောင်၊ အဲ့တာက လွမ်းစေတီဘုရားဘေးက ချောင်းလေး အဲ့ထဲမှာလေ” ဟု အဒေါ်ဖြစ်သူက ပြောသည်။

“ကျန်တာတော့ ရဲဆေးစစ်ချက် မရသေးဘူး။ မသိရသေးဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ရွာအနောက်ပိုင်းတွင် နေထိုင်သော ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏သား မောင်ဇွဲမာန်သစ်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက နေအိမ်၌ပင်ရှိနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ကလေးက ထမင်းဆာတယ်ပြောတော့ မအေက ထမင်းထည့်ပြီး အပေါ်ကို တက်လာ။ သားရေလာစားမယ်ပေါ့။ ကလေးက လိုက်မတက်လာဘူး။ အဲ့ခဏလေးပဲ သိသိချင်းရှာတာ။ အဲ့တည်းကကို မတွေ့တော့တာပါ” ဟု မိသားစုဝင်က ပြောသည်။

ပျောက်သွားသည်ကို သိသိချင်း လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရဘဲ ယနေ့ နံနက်ပိုင်းမှသာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိမှာ ကလေးငယ်၏ ရုပ်အလောင်းကို ရှမ်းစုသုဿာန်၌ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်