စစ်ကိုင်း၊ မကွေး ဒေသရှိ စစ်ကောင်စီ စခန်းများကိုတစ်ပြိုင်နက် ၀င်တိုက်ရာ စခန်းအချို့ကို သိမ်းပိုက်ရရှိ‌ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းနှင့် မကွေးရှိ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစခန်းနှင့် ရဲစခန်းများ

စစ်ကိုင်းနှင့် မကွေးရှိ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစခန်းနှင့် ရဲစခန်းများ

002 (မဇ္ဈိမ) ။ ။ စစ်ကိုင်းနှင့် မကွေး ဒေသများရှိ စစ်ကောင်စီစခန်းများနှင့် ရဲစခန်း များကို တစ်ပြိုင်နက်တည်း ၀င်တိုက်ရာ စခန်းအချို့ကို သိမ်းပိုက် ရရှိ‌ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

အမှတ်( ၁ ) စစ်ဒေသဟု NUG က သတ်မှတ်ထားသည့် ယင်းဒေသရှိ စစ်စခန်းနှင့် ရဲစခန်းများကို ယနေ့ နို၀င်ဘာ ၃ ရက် နံနက် အာရုံတက်ချိန်တွင် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့ နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့ရှိ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ ရန်သူ့တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင် တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

နိုဝင်ဘာ ၃ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ် စခန်းများကို တမူးခရိုင်တပ်ရင်း (၁)၊ တမူးခရိုင်တပ်ရင်း (၂)၊ အထူးလှုပ်ရှားတပ်ရင်း (၂) နှင့် မဟာမိတ် ABSDF ပူးပေါင်း တပ်ဖွဲ့တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စကစ အထိုင်တပ်စခန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ပြီးစစ်ကောင်စီက Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကြဲခဲ့ သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း (၁)၊ (၂) တို့ကို အထူးလှုပ်ရှားတပ်ရင်း (၂)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း(၂) ကို သိမ်းပိုက်ရရှိခဲ့‌ကြောင်း၊ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့‌ေကြာင်း ဆိုသည်။

အဆိုပါ အကျဉ်းဦးစီးစခန်း (၁) မှ စစ်ကောင်စီခန့် ရဲ နှင့် ဝန်ထမ်း ဝန်ထမ်း ၂၀ ဦး ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း (၁) ကိုပါ ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့‌ကြောင်း NUG ကာကွယ် ရေးက ထုတ်ပြန်သည်။

အလားတူ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီ တပ်အထိုင်စခန်းနှင့် ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို ပူးပေါင်းအဖွဲ့ က ၀င်တိုက်ခဲ့သည်။

‌ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီက Jet Fighter ဖြင့် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် လေး ကြိမ်၊ ညနေ ၄ နာရီခန့်တွင် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် Mi 35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ ဆင်စွယ်ရဲစခန်းကိုလည်း ၀င်ရောက်တိုက်ခိုက်ခဲ့‌ ‌ကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့‌ကြောင်း၊ ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ နှစ်ဦး အအသက်ဆုံးရှုံးခဲ့ရ သည်ဟု NUG ကဆိုသည်။

စစ်ကောင်စီစခန်းများနှင့် ရဲစခန်းများကို မဟာမိတ်တိုင်းရင်းသား အဖွဲ့များ၊ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး