စွန့်ခွာသွားသည့် ရဲစခန်းအတွင်း စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်း

စွန့်ခွာသွားသည့် ရဲစခန်းအတွင်း စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်း

စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းများအား ရှာဖွေရှင်းလင်းနေသည့် ကာကွယ်ရေးရဲဘော်များ။

(ပုံ-ABSDF Column – 3)

ရောင်နီ၊ MTO (မဇ္ဈိမ) ။ ။မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှ စွန့်ခွာထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းရှင်းလင်းနေကြောင်း ABSDF Column -3 မှ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

ဂန့်ဂေါမြို့ရှိ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ရက်နေ့၊ မနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပျူစောထီးများသည် နိုဝင်ဘာလ ၄ရက်နေ့ မနက်တွင် စခန်းကို စွန့်ခွာသွားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၁၂) တပ်ရင်း နှင့် မဟာမိတ် PDF တပ်ရင်းများက ရဲစခန်းအတွင်းသို့ ဝင်ရောက်စဉ် မြေမြှုပ်မိုင်းများကို တွေ့ရှိပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

” ဘယ်နှလုံးထောင်ခဲ့တယ်ဆိုတာတော့ ကျတော်တို့ မသိနိုင်ဘူး။ လက်ရှိအချိန်အထိ မိုင်း ၁၀ လုံး အထိ ရှင်းလင်းပြီးသွားပြီ” ဟု ABSDF Column -3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ယနေ့ နိုဝင်ဘာလ ၆ရက် ညနေတွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည်

မြောက်ခင်ရန်း ပျူရွာ မှ တစ်ဆင့် ဂန့်ဂေါမြို့နယ် ဟံသာ၀တီကျေးရွာ ရဲစခန်းအထိ ဆုတ်ခွာသွားကြောင်း သိရသည်။

“ ဟံသာ၀တီ ရဲစခန်းကနေ ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အထိ ဆုတ်မယ်လို့ သတင်းရထားတယ်” ဟု ရဲဘော်ပြည့်ဖြိုးကျော်ကပြောသည်။

ဂန့်ဂေါမြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သည် နယ်မြေချင်းထိစပ်နေသည်။နိုဝင်ဘာလ ၃ ရက်နေ့က မင်းရွာရဲစခန်း အား တိုက်ခိုက်သိမ်းပိုက်သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ၁၁ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စာတည်း – အေးချမ်း