မုံရွာအမှတ်(၁)ရဲစခန်းတွင် နိုင်ငံရေးအကျဥ်းသား၂ဦး ရိုက်နှက်ခံရပြီး ၁ဦးသေဆုံး ၁ဦးဒဏ်ရာရ

ပုံအညွှန်း -ဒဏ်ရာရရှိသူ(လူထုသပိတ်တွင် ပြောဆိုနေပုံ)ကိုမာန်ဇာမြေမွန်

ပုံအညွှန်း -ဒဏ်ရာရရှိသူ(လူထုသပိတ်တွင် ပြောဆိုနေပုံ)ကိုမာန်ဇာမြေမွန်

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ်(၁)ရဲစခန်းတွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှက်ခံရပြီး တဦးသေဆုံးကာ တဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၃၀ရက်နေ့တွင်ထုတ်ပြန်သည်။

“ရန်သူကတော့ ရန်သူအလုပ်ကို လုပ်နေတာပါပဲ ၊ ကျနော်တို့က အခုလို နာကျည်း ချက်တွေကို အင်အားအဖြစ်ပြောင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အစွမ်းကုန် ကြိုးစားသွားရမှာပါ” ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဝင် ကိုရှင်းသန့် က မဇ္စျိမကိုပြောသည်။

ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရထားသော အကျဥ်းသားတဦး တရားရုံးမှ ရဲစခန်း အချုပ်သို့ ပြန်လည်ရောက်ရှိလာစဉ် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည် ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများက ဝိုင်းဝန်းရိုက်နှက်ရာ နိုင်ငံရေးအကျဥ်းသာ နှစ်ဦးဖြစ်သည့် ကိုအောင်ကျော်ဇင်နှင့် ကိုမာန်ဇာမြေမွန်တို့က မတရားမနှိပ်စက်သင့်ကြောင်း ပြောဆိုကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့ပြောဆိုမှုကြောင့် မုံရွာမြို့အမှတ်(၁) ရဲစခန်းမှူး ပြည့်လင်းအောင်နှင့် ဒုဗိုလ် ကျော်ဝင်းထွန်းတို့က အဆိုပါ နိုင်ငံရေးအကျ‌ဉ်းသားနှစ်ဦးကို စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် မြို့တော်ခမ်းမသို့ မတ်လ ၂၈ရက်နေ့တွင် ပို့ဆောင်ခံရကာ မတ်လ ၂၉ရက်နေ့တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ကိုအောင်ကျော်ဇင် သေဆုံးသွားပြီး ချောင်းဦးမြို့ သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်မှာ ဒဏ်ရာပြင်းထန်ရရှိကာ အသက်အန္တရာယ်စိုးရိမ် နေရပြီး အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုကဲ့သို့ မတရားပြုမူမှုအတွက် နောင်အချိန်တွင် ကျူးလွန်ခဲ့သူများ ထိုက်သင့် သောအပြစ်ဒဏ်ပြန်လည်ရရှိစေရမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ဆိုသည်။

“စစ်ဖိနပ်အောက် ဒူးမထောက် ရဲဝင့်စွန့်စားစိတ်တွေနဲ့ ရဲရဲကြီး ပေးဆပ် သွားကြတယ်၊ ငါတို့တပ်ဖွဲ့ရဲ့ ထာဝရသူရဲကောင်းပါကွာ” ဟု ရဲဘော်ရဲဘက် ဖြစ်သူဗိုလ်သံဏိကလည်း ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်။

ပုံအညွှန်း- သေဆုံးသွားသည့် ကိုအောင်ကျော်ဇင်။

သေဆုံးသွားသည့် ကိုအောင်ကျော်ဇင်သည် အမှုပေါင်းများစွာဖြင့် ဖမ်းဆီးချုပ်နှောင် ခံထားရခြင်းဖြစ်ပြီး ယင်းအမှု များထဲမှ စီရင်ချက်ချအပြီး အနှစ် ၂၀ ကျော်ကျခံရန်ရှိကာ အမှုအားလုံး စီရင်ပါက နှစ်ပေါင်း ၃၀ ကျော် ကျခံရနိုင်ကြောင်း ဗိုလ်သံမဏိ ထံကသိရသည်။

ကိုမာန်ဇာမြေမွန်သည် ၂၀၂၁ခုနှစ် ဇွန်လ ၈ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးတွင် အပြင်းအထန် နှိပ်စက်ခံခဲ့ရကြောင်း ၎င်း၏လုပ်ဖော်ကိုင်ဖက် တဦးက မဇ္စျိမကိုပြောသည်။

“သူ့ကို စစ်ကြောရေးမှာ သပိတ်အော်တဲ့ပါးစပ်ဆိုပြီး စစ်ဖိနပ်ကို ပါးစပ်ထဲ ထိုးထည့်တယ် ၊ နောက်ပြီး လက်ဆယ်ချောင်းစလုံးကိုလည်း နောက်လှန်ချိုးခံခဲ့ ရတယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ အပြင်းအထန်နှိပ်စက်ခံရကြောင်း ကြားသိရသည့်အတွက် စိုးရိမ်နေပြီး လုံလောက်သည့် ဆေးကုသမှုပေးရန် တောင်းဆိုကြောင်းလည်း ကိုမာန်ဇာမြေမွန်၏ လုပ်ဖော်ကိုင်ဖက်က ဆက်ပြောသည်။

အကျဥ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ၏ အခြေအနေများကို အမြဲ နားစွင့်ပြီး လိုအပ်သည့် အကူအညီများပေးကြရန်နှင့် ယခုဖြစ်စဥ်အား မှတ်တမ်းတင်ရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားနိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ