ကောလင်းမြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ၅ဦးသေ၊ ၄ဦး ထိခိုက်ဒဏ်ရာရ

ပုံအညွှန်း။ ။ ဒီဇင်ဘာလ ၂ရက်နေ့တွင် စစ်ကောင်စီတပ်ပစ်လိုက်သော ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ကောလင်းမြို့ အရှေ့စျေးမြင်ကွင်း ဓာတ်ပုံ။ ။ Kawlin Revolution- KR

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ငါးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရသည်ဟု ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂ရက် နံနက် ၇နာရီ ၃၀မိနစ်အချိန်မှစ၍ ၉နာရီ ၂၀မိနစ်အထိ ဝန်းသို ခမရ (၁၂၀)တပ်မှ ကောလင်းမြို့သို့ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ခြောက်ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Kawlin Revolution – KR မှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

“လက်နက်ကြီးကျည်က ကောလင်းမြို့အရှေ့စျေး (နဂါးညီနောင်တောင်ဘက်လမ်းကြား)ထဲကို တည့်တည့်ကျတာ၊ စျေးမှာလူအစည်ဆုံးအချိန်ပါ။ အဲဒီမှာ စျေးသွားစျေးလာနဲ့ စျေးသည် ပြည်သူတွေ ထိခိုက်သေဆုံးပါတယ်။ အသေးစိတ်အခြေအနေကို ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ” ဟု Kawlin Revolution – KR မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦးသေဆုံးသွားပြီး လူနေအိမ် လေးလုံးထိခိုက်ပျက်စီးသွားကြောင်း ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့ထံမှလည်း သိရသည်။

သေဆုံးသူများအား လူမှုကူညီရေးအဖွဲ့များမှ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရှိသူများကိုလည်း သက်ဆိုင်ရာဆေးအဖွဲ့များက ဆေးကုသမှုပေးလျက်ရှိကြောင်းလည်း ၎င်းအဖွဲ့က ဆိုသည်။

ဒီဇင်ဘာလ ၃၁ရက် ည ၈နာရီ ၃၀မိနစ်နှင့် ည ၈နာရီ ၄၅မိနစ်တို့တွင်လည်း ဝန်းသို ခမရ (၁၂၀)တပ်ရင်း မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ကောင်းလင်းမြို့နယ်ဘက်သို့ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ တောင်မော်ကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

“ပထမတလုံးက ဦးဖိုးနိုင်နေအိမ်ထိမှန်တယ်၊ အဲ့အိမ်မီးလောင်ပျက်စီးသွားပြီး နေအိမ်မှာရှိနေတဲ့ မဂျူးဂျူးလှိုင် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒုတိယအလုံးက ဦးဇော်မင်းတို့အိမ်ရှေ့မှာ ပေါက်ကွဲခဲ့တယ်။ သူ့(ဦးဇော်မင်း)ခြေထောက်မှာ ထိခိုက်ဒဏ်ရာရသွားပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ဦးဇော်မင်းနိုင်၏ ဇနီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ် မင်းမင်းစိန်သည် ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိသော်လည်း နှလုံးဖောက်ကာ နေရာတွင် သတိလစ်မေ့မျောသွားရာမှ သေဆုံးသွားကြောင်း ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဒေါ်မင်းမင်းစိန်ဆိုသူသည် Non-CDM ကျောင်းဆရာမတဦးဖြစ်ပြီး ကောလင်းမြို့သိမ်းတိုက်ပွဲအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ထားသူတဦးဖြစ်ကြောင်း၊ ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဇော်မင်းနိုင်၏ နေအိမ်မှာလည်း အနည်းငယ်ထိခိုက်ပျက်စီးသွားကြောင်း ‌ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ရက်တွင်လည်း ဝန်းသို ခမရ (၁၂၀)မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကောလင်းမြို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးသော ကလေးငယ်အပါအဝင် ဒေသခံသုံးဦး ပွဲချင်းပြီးသေဆုံးသွားကာ လူနေအိမ်သုံးလုံးနှင့် ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)