စစ်အာဏာသိမ်းမှုနောက်ပိုင်း ဇောက်ထိုးဆင်းလာတဲ့ နယ်စပ်ကုန်သွယ်ရေး

(ဓားရိုင်း)

စစ်အာဏာသိမ်းမှုနောက်ပိုင်း တဖြည်းဖြည်းကျဆင်းလာတဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍဟာ သုံးနှစ်ကျော်ကာလ ရောက်လာချိန်မှာတော့ အရှိန်အဟုန်ပြင်းစွာနဲ့ ဇောက်ထိုးဆင်းနေခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကစပြီး တိုင်းရင်းသားပြည်နယ်တွေမှာ စစ်ကောင်စီဘက်က နယ်မြေဆုံးရှုံးမှုတွေများလာခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွေလည်း သိသိသာသာကို ထိုးဆင်းလာခဲ့တာဖြစ်ပါတယ်။

နယ်မြေမတည်ငြိမ်မှု၊ မလုံခြုံမှုတွေနဲ့အတူ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွေလည်း အားလုံးရပ်တန့်လုမတတ်ဖြစ်ခဲ့တာပါ။ တရားဝင် နယ်စပ်စခန်းတွေက ကုန်သွယ်မှုဟာ ဧပြီလ ၁ ရက်ကနေ မေလ ၁၇ ရက်အတွင်း အရှိန်အဟုန်နဲ့ ကျဆင်းလာခဲ့ တာဖြစ်ပါတယ်။ အရင်နှစ်က ဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၁၃ ဘီလီယံရှိရာကနေ အခုနှစ်မှာ အမေရိကန် ဒေါ်လာ ၆၈၄ သန်းဖိုးသာရှိတော့ကြောင်း စစ်ကောင်စီရဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၄ ရက် ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထား ခဲ့တာတွေ့ရပါ တယ်။

အခုလို ကုန်သွယ်မှု အကြီးအကျယ်ကျဆင်းသွားတာမှာ ပဋိပက္ခကြောင့် တရုတ်နယ်စပ်က ကုန်သွယ်ရေး စခန်းတွေပိတ်ရတာအပြင် ကုန်သွယ်ရေးစခန်းတွေ ဖွင့်ထားတဲ့နေရာတွေမှာလည်း လမ်းကြောင်းတွေ မလုံခြုံ တော့တာကြောင့်ပါဝင်တယ်လို့ ကုန်သည်တွေကဆိုကြပါတယ်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ အန္တရာယ်မြင့်မားနေတာကြောင့် တရုတ်က ကုန်တင်သွင်းသူတွေဟာ သူတို့ထံ ကုန်ပစ္စည်း ရောက် မရောက် မသေချာတာကြောင့် လယ်ယာထုတ်ကုန်လို မြန်မာက ပစ္စည်းတွေကိုတောင် မယူတော့ဘူးလို့သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နဲ့ တရားဝင်ကုန်သွယ်ရေးစခန်း ငါးခုရှိတာဖြစ်ပြီး အဲဒီထဲက ချင်းရွှေဟော်ကို မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကာလဖြစ်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းသိမ်းပိုက်ထား ခဲ့တာဖြစ်ပါတယ်။ တရုတ်ရဲ့ကြားဝင်ဖိအားပေးမှုကြောင့် ရှမ်းမြောက်ပိုင်းမှာအပစ်ရပ်ခဲ့ပြီးနောက်ပိုင်း မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA ဟာ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ်၊ မတ်လမှာ ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ကုန်သွယ်မှုမရှိသေးတဲ့အခြေအနေဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နဲ့ ကုန်သွယ်ရေး နောက်စခန်းတခုဖြစ်တဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက ဧပြီလ ၁ ရက်မှာ သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနစာရင်းတွေအရတော့ အဲဒီ ၄၇ ရက်ကြာ ကာလအတွင်း လွယ်ဂျယ်ကနေ အမေရိကန်ဒေါ်လာ ၁.၂ သန်းဖိုးတင်သွင်းပြီးနောက် ဘာပစ္စည်းမျှ တင်ပို့တာမရှိတော့ဘူးလို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် အလားတူ ကာလမှာ လွယ်ဂျယ်နယ်စပ်စခန်းဟာ အမေရိကန်ဒေါ်လာ ၁၃ သန်းဖိုး ကုန်သွယ်ခဲ့ပြီး ချင်းရွှေဟော်က အမေရိ ကန်ဒေါ်လာ ၉၉ သန်းဖိုး ကုန်သွယ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးအား လုံးနီးပါးမှာလည်း မတ်လနောက်ပိုင်းကစပြီး ကုန်သွယ်မှုတွေရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ မောင်တောမြို့တို့ကို ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း တွေအဖြစ် သတ်မှတ်ထားတာပါ။ အဲဒီထဲမှာ စစ်တွေမြို့ဟာ ဆိပ်ကမ်းတခုဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ် ရေးတခုလုံးနီးပါးကို ကိုင်တွယ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတခုအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါ တယ်။

အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဧပြီလ ၁ ရက်ကနေ မေလ ၁၇ ရက်အတွင်း အဲဒီနယ်စပ်စခန်းတွေမှာ ကုန်သွယ်မှုတွေလည်း ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အလားတူ ကာလအတွင်း ဒီနယ်စပ်စခန်းနှစ်ခုဟာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ တသန်းဖိုးနီးပါး ကုန်သွယ်ခဲ့တာဖြစ်ပါ တယ်။ တရားဝင် ကုန်သွယ်ရေးစခန်း ခြောက်ခုရှိနေတဲ့ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်မှာတော့ ကုန်သွယ်မှု တွေရှိနေသေးတာဖြစ်ပါတယ်။ တာချီလိတ်၊ ကော့သောင်း၊ မြိတ်နဲ့ မိုးတောင် ကုန်သွယ်ရေးစခန်းတွေဟာ အခုနှစ် ဧပြီလ ၁ ရက်ကနေ မေလ ၁၇ ရက်အထိ ကာလအတွင်း အရင်နှစ် အလားတူကာလက ကုန်သွယ်မှုထက် အနည်း ငယ်သာကျဆင်းခဲ့တာတွေ့ရပါတယ်။

ကရင်ပြည်နယ်က စစ်ပွဲကြောင့် မြဝတီနယ်စပ်စခန်းက ထိုင်းနဲ့ ကုန်သွယ် ရေးမှာ အမေရိကန် ဒေါ်လာ ၁၆၅ သန်းဖိုး ကျဆင်းပြီး ထီးခီးစခန်းက ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၅ သန်းဖိုးကျဆင်းခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုပမာဏတွေဟာ စစ်တပ်က အာ ဏာသိမ်းမှုနောက်ပိုင်းမှာ စတင်ကျဆင်းလာတာဖြစ်ပြီး အဲဒီနောက်ပိုင်း မြင့်မားလာတဲ့ စစ်အာဏာရှင်တော်လှန် ရေးထိုးစစ်တွေကြောင့် စစ်ကောင်စီဘက်က နယ်စပ်ဒေသနယ်မြေဆုံးရှုံးမှုတွေနဲ့အတူ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးတွေလည်း တဟုန်ထိုးကျဆင်းလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဒေသမတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေ ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ တဲ့အတွက် ပို့ကုန် သွင်းကုန်တွေအတွက် ရေလမ်း ကြောင်း တခုသာကျန်ရှိနေတော့တာဖြစ်ပါတယ်။ အဓိကအနေနဲ့ ထိုင်းနိုင်ငံကိုအခြေခံထားပြီး ကုန်သွယ်မှုတွေ ပြောင်းလဲ လုပ်ဆောင်လာကြတာတွေ့ရပါတယ်။ တနင်္သာရီတိုင်းက ကော့သောင်း-ရနောင်း လမ်းကြောင်းကနေ ပိုမိုလုပ်ဆောင်လာကြပြီး စစ်ကောင်စီရဲ့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရဆိုရင် ကော့သောင်း- ရနောင်း နယ်စပ်ကုန်သွယ် ရေးမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေ မေလ ၁၀ ရက်အထိ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၄၅ သန်းသာရှိ ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ ကာလတူမှာ ၂၈ ဒသမ ၅၆၁ သန်း အထိ ရုတ်တရက် ကုန်သွယ်မှုပမာဏမြင့်တက်လာခဲ့ တာကိုတွေ့ရပါတယ်။

လက်ရှိမှာ ပြောင်း၊ ရာဘာ၊ ရေထွက်ကုန် အစရှိတာတွေကို ရန်ကုန်ကနေ ကော့သောင်း၊ အဲဒီကတဆင့် ရနောင်းကို ပြည်တွင်းရေကြောင်းကမ်းရိုးတန်းသွား သင်္ဘောတွေနဲ့ တင်ပို့နေတာဖြစ်ပါတယ်။ တရုတ်ကနေ တင်သွင်းတဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းတို့မှာလည်း ထိုင်းနိုင်ငံကိုကြားခံပြီး ရနောင်းကတဆင့် ပင်လယ်ရေကြောင်းနဲ့ ကော့သောင်း – ရန်ကုန်ကို တင်သွင်းမှုတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်း သွား ကုန်တင်သင်္ဘောတွေလည်း ရန်ကုန်-ကော့သောင်းဘက်ကို ပြောင်းလဲပြေးဆွဲလာနေတာ ဖြစ်ပါတယ်။ အရင်က သင်္ဘောအဝင်အထွက် ၁၅ စီးလောက်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ အစီး ၃၀ လောက်ရှိ တယ်လို့ ကုန်သည်တစ်ယောက်က ပြောပါတယ်။ ဝင်ရောက်လာတဲ့ကုန်တွေကို ကော့သောင်းကတဆင့်ပြည်တွင်း ကိုသယ်ယူရာမှာ ကော့သောင်း -ဘုတ်ပြင်း- မြိတ်- ထားဝယ်- မော်လမြိုင်- ပဲခူး- ရန်ကုန် ကားလမ်းတလျှောက် တံတားတွေကျိုးတာ၊ လမ်းတွေပိတ်တာ၊ တိုက်ပွဲတွေဖြစ်နေတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိနေတဲ့ အတွက် ရန်ကုန်ကို ရေလမ်းကသာအများဆုံးသယ်ပို့ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီနယ်စပ်ဂိတ်ကနေ အဓိက တင်ပို့တဲ့ကုန်စည်မှာ ပြောင်းဖြစ်ပြီး ရေထွက်ကုန်၊ ဆီအုန်းကြိတ်ဖက်၊ ကြက်သွန် အစရှိတာတွေကိုလည်း တင်ပို့ နေသလို ရာဘာကတော့ တနင်္သာရီတိုင်းထွက် ရာဘာကိုသာ တင်ပို့ခွင့်ရနေတာဖြစ်ပါတယ်။

ကော့သောင်းကနေ ရန်ကုန်ကို ကားလမ်းနဲ့ ကုန်ပစ္စည်းသယ်ဆောင်မယ်ဆိုရင် ကုန်တင်ကုန်ချ အလုပ်သမား စရိတ်မပါဘဲ ၁၆ တန် ဆန့် ကားတစီးကို ကျပ် ၃၃ သိန်းကနေ ၃၅ သိန်းအထိပေးရပြီး ရေကြောင်းနဲ့ဆိုရင် တတန်ကို ၆၀,၀၀၀ ကျပ် ကနေ ၈၀,၀၀၀ ကျပ်၊ ပါကင်ထုတ် ပိုးပြီးသား ကုန်တတန်ကို ကျပ် ၁၂၀,၀၀၀ အထိ ကျသင့်တယ်လို့ ကုန်သည် တွေက ဆိုပါတယ်။ ဒါ့အပြင် ပို့ကုန်လိုင်စင်နဲ့ ရန်ကုန်-ကော့သောင်း၊ အဲဒီကတဆင့် ရနောင်းဘက်ကို ကမ်းရိုးတန်း သွား သင်္ဘောတွေနဲ့ ပြောင်းတင်ပို့မှုရှိသလို ပင်လယ်ရေကြောင်း လိုင်စင်နဲ့ ရန်ကုန်- ရနောင်း တိုက်ရိုက်တင်ပို့တာ လည်းရှိနေတာဖြစ်ပါတယ်။

လက်ရှိ ရေကြောင်းတွေဟာ စစ်ကောင်စီက တရားဝင်ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေဖြစ်ပြီး တင်ပို့ရာမှာ ကုန် ပစ္စည်းတွေစစ်ဆေးတာကို ရန်ကုန်-ရနောင်းလမ်းကြောင်းအတွက် ရန်ကုန်ဆိပ်ကမ်းက စစ်ဆေးတာဖြစ်ပါတယ်။ ရန်ကုန်-ကော့သောင်းအတွက် ရန်ကုန်မှာ တချို့တဝက်ကိုစစ်ဆေးပြီး ကော့သောင်းမှာ ထပ်မံစစ်ဆေးတာဖြစ်ပါ တယ်။ အဓိကအနေနဲ့ နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံက အခွန်ကင်းလွတ် ခွင့်ပေးထားတဲ့ ပြောင်းသီးနှံကို အများဆုံးတင်ပို့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် အရ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ကော့သောင်းကနေ ရနောင်းကို ပြောင်းတန်ချိန် ၁၂၄၀၅ ဒသမ ၀၆၂ တန်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃၇ သန်း တင်ပို့နိုင်ခဲ့ တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စုစုပေါင်း သွင်းကုန် ပို့ကုန်ဟာ အရင်နှစ် အလားတူကာလမှာ အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံရှိတာကနေ လက်ရှိဘဏ္ဍာရေးနှစ် ပထမ တလခွဲမှာ ၆.၈ ရာခိုင်နှုန်း အထိကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၃.၅၃ ဘီလီယံ သာရှိခဲ့တာဖြစ်ပါတယ်။ သွင်းကုန်တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၇၇ ဘီလီယံရှိပြီး ပို့ကုန်တန်ဖိုး စုစု ပေါင်း ၁.၇၆ ဘီလီယံသာရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖော်ပြထားပါ တယ်။

စစ်ကောင်စီက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် လက်ရှိဘဏ္ဍာရေးနှစ် ပထမ တလခွဲ အတွင်း စုစုပေါင်းကုန်သွယ်ရေးမှာ ၆.၈ ရာခိုင်နှုန်းအထိကျဆင်းသွားတာတွေ့ရပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် အရင်နှစ်ကာလ တူထက် ၄၈ ရာခိုင်နှုန်း(ထက်ဝက်အောက်)လောက်ကိုကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

လတ်တလော နိုင်ငံအတွင်းအရှိန်မြင့်လာနေတဲ့ ပဋိပက္ခတွေကြောင့် ဇောက်ထိုးဆင်းနေတဲ့ နယ်စပ်ကုန်သွယ်ရေး ကို အချိန်မီတားဆီးနိုင်ဖို့ကတော့ ဘယ်ဘက်ကမှ လုပ်နိုင်စွမ်းမရှိသေးတာ သေချာပါတယ်။