လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို KNDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်

လွိုင်ကော်နှင့် ဒီးမော့ဆို ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို KNDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်

ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားကြောင်း ညီနောင်သုံးဖွဲ့ မှ ထုတ်ပြန်ပြီး KNDF မှ ကနဦး အတည်ပြုသည်။

“ဟုတ်ပါတယ်။ ရထားတာ မှန်ပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ကနဦး အတည်ပြုသည်။

စစ်ဆင်ရေး ၁၀၂၇ တွင် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံ နှင့် နန်းစံခမ်းတို့ရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ်ခုကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သိမ်းပိုက်ရရှိထားကြောင်း ညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

သိမ်းပိုက်ရရှိထားသည့် စခန်းအမည်များကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

သတင်းရေးသားနေသည့် ယနေ့ ညနေ ၄ နာရီအချိန်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင်နှစ်ကြိမ် ၃ နာရီခွဲအချိန်ခန့်တွင်တကြိမ် လွိုင်ကော်မြို့နယ်အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ပစ်နေတုန်းပဲ လက်နက်ကြီးတွေ။ ခုလေယာဉ်ထပ်လာပစ်နေတယ်။ ပုဇင်း လည်း လာပစ်တယ် လေယာဉ်ပြန်တော့။ ခုကျ လေယာဉ်ထပ်လာပစ်နေတာ” ဟု လွိုင်ကော်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အပြင် မိုးဗြဲတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော-ဆီဆိုင် လမ်းများတွင် ထိတွေတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ပါက ခရီးသွားလာခြင်းမပြုရန် KNDF က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး