ဥရောပချန်ပီယံ ယူကရိန်း အလေးမသမား တိုက်ပွဲမှာ ကျဆုံးခဲ့

By PKThawn

ဥရောပချန်ပီယံ နှစ်ထပ်ကွမ်း ယူကရိန်းအလေးမသမား အိုလက်ဇန်ဒါး ပီယာလီရှန်ကိုဟာ ရုရှားနဲ့ စစ်ပွဲမှာ ကျဆုံးသွားခဲ့ကြောင်း ယူကရိန်း အလေးမအဖွဲ့ချုပ်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် ပီယာလီရှန်ကိုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဥရောပရွှေတံဆိပ်ဆုတွေကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ရီယိုအိုလံပစ်မှာ ဆုတံဆိပ်တခုနဲ့ သီသီလေး လွဲချော်ခဲ့ပြီး  ၈၅ ကီလိုဂရမ်တန်းမှာ စတုတ္ထရရှိခဲ့တာပါ။

“ယူကရိန်း အားကစားသမားကြီး အိုလက်ဇန်ဒါး ပီယာလီချန်ကို ကျဆုံးသွားပြီဆိုတဲ့ သတင်းဆိုးကြောင့် ကျနော်တို့တွေ အကြီးအကျယ် ကြေကွဲရပါတယ်”လို့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်း အမျိုးသား အလေးမနည်းပြ Victor Slobodianiuk က ပီယာလီရှန်ကိုဟာ “ယူကရိန်းကို ကာကွယ်ရင်း သူရဲကောင်း တဦး”လို ကျဆုံးသွားကြောင်း Facebook မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပီယာလီရှန်ကိုဟာ ရုရှားကျူးကျော်မှုစတင်ချိန် ၂၀၂၂ ဖေဖော်ဝါရီလမှာ ယူကရိန်းစစ်တပ်သို့ ဝင်ရောက်ခဲ့ကြောင်း ယူကရိန်းအိုလံပစ်ကော်မတီက မှတ်ချက်ပြုခဲ့ပါတယ်။

(AFP)