ပုလဲမြို့နယ်၊တနယ်လုပ်သားရွာမှ နေအိမ်များကို စစ်ကောင်စီမီးရှို့

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရသည့် ပုလဲမြို့နယ်မှ ဒေသခံအချို့(ပုံဟောင်း) (ဓာတ်ပုံ-ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရသည့် ပုလဲမြို့နယ်မှ ဒေသခံအချို့(ပုံဟောင်း) (ဓာတ်ပုံ-ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်လုပ်သားကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ယနေ့(မေလ ၈ရက်) နေ့လယ်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ်၊ အင်မထီးရွာတွင်တပ်စွဲထားသည့် စစ်ကြောင်းက နံနက် ၁၁ နာရီခန့်မှစတင်၍ တနယ်လုပ်သားရွာကို မီးရှို့နေခြင်းဟု ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“ စစ်ကြောင်းက ရွာထဲကိုရောက်တာ မကြာဘူး မီးတန်းပြီး ရှို့တာပါ။ ရွာက အိမ်တွေ မီးလောင်နေတာကို အဝေးကနေပဲကြည့်နေရတာပါ”ဟုတနယ်လုပ်သားကျေးရွာဒေသခံတဦးကပြောသည်။

ယနေ့ည‌နေ ၄နာရီခန့်အထိ မီးမငြိမ်းသေးဘဲ နေအိမ်များမီးဆက်လက်လောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။ ဒေသခံများ ရွာအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေး၍ ပျက်စီးဆုံးရှုံးမှုကိုမသိရှိရသေးဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲ‌ဘော်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ခန့်မှန်းစစ်အင်အား ၆၀ ခန့်ပါရှိပြီး ရွာနှင့်နှစ်မိုင်ခန့်အကွာရှိ အင်မထီးရွာမှ ရိက္ခာရှာရန်ထွက်ခွာလာသည့်စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အင်မထီးရွာတွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားပြီး ပြည်သူ့စစ်နှင့်ပျူ‌စောထီးအများအပြားရှိကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောသည်။ ထိုရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ထားသည်။ ထို့‌ကြောင့် စစ်ကောင်စီနှင့်ပျူ‌ စောထီးများက အနီးပတ်ဝန်းကျင်ကျေးရွာများသို့ နှစ်လလျှင်တကြိမ်ခန့် စစ်ကြောင်းထိုးကာ ဒေသခံများပိုင်ဆိုင်သည့် စားသောက်ကုန်များလုယက်ယူဆောင်လေ့ရှိသည်။ထို့အပြင် စစ်ကောင်စီလက်အောက်၌ မနေလိုသော ဒေသခံအချို့သည် ရွာမှထွက်ပြေးလာပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံလေ့ရှိသည်။

တနယ်လုပ်သားကျေးရွာကို စစ်ကောင်စီစစ်ကြောင်းရန်မှကာကွယ်ရန် ရွာပတ်ဝန်းကျင်၌ မိုင်းများထောင်ထားခဲ့သော်လည်း ဒေသခံများနှင့် ကျွဲ၊နွားများ ထိခိုက်မည်ဆိုသောကြောင့် ပြန်လည်ဖြုတ်သိမ်းခဲ့ရကြောင်း ပုလဲမြို့နယ်မှပြည်သူ့ကာကွယ်‌ ရေးရဲဘော်တဦးကပြောသည်။

” ‌တိုက်နယ်နဲ့ ရွာတွေက ပကဖတွေက အုပ်ချုပ်ရေးပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းပေမယ့် ကာကွယ်ရေးပိုင်းကျတော့ ပူးပေါင်းမှုအားနည်းတယ်။ စစ်ကောင်စီရန်ကိုတားဆီးဖို့ မိုင်းတွေ၊ဘာတွေထောင်မယ်ဆိုရင် လက်မခံချင်ကြဘူး။ ဒါကိုသိတဲ့ စစ်ကောင်စီက စစ်ကြောင်းဝင်တဲ့အခါ ရှောင်ကြတိမ်းကြရတယ်။ အိမ်တွေမီးရှို့ခံရတယ်”ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တနယ်လုပ်သားကျေးရွာသည် အင်မထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကို ဒုတိယအကြိမ်ရင်ဆိုင်ရခြင်းဟု သိရသည်။ စစ်ကောင်စီစစ်ကြောင်းရန်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကျေးပကဖတာဝန်ရှိသူများအနေဖြင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၂) မှ ကာကွယ်ရေးရဲဘော်တဦးက အကြံပြုသည်။

စာတည်း – အေးချမ်း