ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်း ၉၅၀ကျော် သိမ်းဆည်းထားဟု NUG ထုတ်ပြန်

ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်း ၉၅၀ကျော် သိမ်းဆည်းထားဟု NUG ထုတ်ပြန်

ခက်နွေ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို လက်ခံသိမ်းဆည်းရရှိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က ယနေ့ နိုဝင်ဘာလ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ သိမ်းဆည်းရမိခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက်အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်နေသည့် ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က တင်ပြလာခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအကောင်အထည်ဖော်နေသည့် ဒေသများရှိ ပုဂ္ဂလိကဘဏ်များ၌ အပ်နှံထားသည့် ငွေများနှင့် စပ်လျဉ်း၍ ပြည်သူများဆုံးရှုံးနစ်နာမှုမရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် အနေဖြင့် အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သိမ်းဆည်းရမိသည့် ငွေများကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)