စစ်မှုထမ်းဥပဒေ တိမ်းရှောင်သူများကို အကူအညီပေးသွားမည်ဟု တော်လှန်ရေးအဖွဲ့ ၄၀ ကျော် ထုတ်ပြန်

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဗီဇာရရန် တန်းစီစောင့်ဆိုင်းနေသူများကို ‌ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တွေ့ရစဉ် (photo - AFP)

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဗီဇာရရန် တန်းစီစောင့်ဆိုင်းနေသူများကို ‌ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တွေ့ရစဉ် (photo – AFP)

မိုးသောက်

(မဇ္ဈိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုတခုဖြစ်သည့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး တိမ်းရှောင်လိုသူများကို အကူအညီ ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့အစည်း ၄၁ ဖွဲ့က မတ်လ ၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)၊ ဗကသများအဖွဲချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် ၄၁ ဖွဲ့က ပူးပေါင်းထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်း အသိပေးထားခြင်း ဖြစ်သည်။

အရပ်သားအဖြစ်သာ နေထိုင်လိုသူများအတွက် စစ်ကောင်စီ၏ အန္တရာယ်နှင့်ကင်းဝေးရာအရပ်ဒေသများသို့ ပြောင်းရွှေ့အခြေချနိုင်ရန်အတွက် လိုအပ်သည့် အစီအမံများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို တက်အားသရွှေ့ ကူညီသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

“အခုလို အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူဘယ်လောက် လာရောက်ခိုလှုံမယ်ဆိုတာ တိတိပပ မပြောနိုင်သေးပါဘူး။ ရှိနေပြီးသား ကူညီစောင့်ရှောက်မှု ပုံစံတွေကို ပိုအားကောင်းအောင်၊ လူအများကြီးအတွက် ကြိုတွေးထားပြီး ရေရှည်ရပ်တည်နိုင်ဖို့အတွက်တွေက ဆက်ပြီးပြင်ဆင်ရမှာပါ။ အရင်က သီးခြားတိုက်ပွဲဝင်တဲ့ အင်အားစုတွေအနေနဲ့ အခုဒီအရေးမှာတော့ အတူတူကြိုးစားနေပါတယ်။ သေချာတာက လူထုနဲ့လက်တွဲပြီး ကျနော်တို့အများကြီး အလုပ်ဆက်လုပ်ရမယ်။” ဟု တိုးတက်သောမွတ်စလင်လူငယ်အစည်းအရုံးပြောခွင့်ရသူ ရဲဘော်ဉာဏ်ဟိန်းက မဇ္ဈိမကို ပြောသည်။

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် အကျုံးဝင်သူ နိုင်ငံသား ၁၃ သန်းကျော်ရှိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

GSC တွင် ပြောရေးဆိုခွင့်ရှိသူ တာဝန်ယူထားသည့် ဒေါ်နှင်းနှင်းမွှေးက“ အကူညီပေးကြတဲ့သူတွေမှာလည်း အကန့်အသက်တော့ တစုံတရာရှိလိမ့်မယ် ထင်ပါတယ်။ တကယ်တမ်းမှာက ဒီလူတွေနဲ့ အခက်အခဲနဲ့ဒုက္ခကို ပူပင်သောကတွေကို နိုင်သလောက်ပဲ ကူညီပေးသွားနိုင်မယ်ထင်ပါတယ်။ အဲဒီအပေါ်မှာတော့ ပြည်သူတွေအားလုံးကတော့ နားလည်လိမ့်မယ်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လူမျိုးပေါင်းစုံ တော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများသို့ ရောက်ရှိလာသည့် ဥပဒေရှောင် ပြည်သူများအနေဖြင့် မူးရင်းနေထိုင်သူများနှင့်အတူ တသားတည်း သွေးစည်းညီညွတ်စွာ ရှင်သန်ရပ်တည်ကြရမည်ဖြစ်ကြောင်း ပြောထားသည်။

ရေရှည်စားဝတ်နေရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် တိမ်းရှောင်လာသော ပြည်သူများနှင့်အတူ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပြောထားသည်။

ဥပဒေ တိမ်းရှောင်လိုသူများကို ကူညီပေးမှုအပြင် အဓ္ဓမစစ်မှုထမ်း ခိုင်းစေခြင်း ခံရသူများကို စနစ်၏ သားကောင်အဖြစ် သတ်မှတ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို တန်ပြန်နိုင်ရန် လိုအပ်သည့်နည်းနာများနှင့် ရင်းမြစ်များကို ထောက်ပံ့ကူညီနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။

စစ်အာဏာရှင်ဟောင်း လက်ထက်က ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်သစ်စစ်ကောင်စီက အသက်သွင်းလိုက်သည့်အပေါ် ဒီမိုကရေစီ အင်အားစုများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေကြပြီး “မပူးပေါင်းဘူး၊ မပါဝင်ဘူး” ဟူသည့် ဘူးသပိတ်များ ဆင်နွှဲကြရန်လည်း တိုက်တွန်းထားကြသည်။

စာတည်း။ ။ နောင်နောင်