ကွတ်ခိုင် စစ်ဗျူဟာ သိမ်းပိုက်ခံရတဲ့ မြင်ကွင်းများ(သတင်းဓာတ်ပုံ)

009

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်ဗျူဟာအဖွဲ့(အခြေချ) တပ်စခန်းကြီးကို ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။။

မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ ထိုဗျူဟာတပ်စခန်းသည် TNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိတော့၍ လက်နက်ချအလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။

TNLA က နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအရေအတွက်ကို ထုတ်ပြန်ထားတာ မရှိသေးပေ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်ဗျူဟာအဖွဲ့ အခြေချထားသည့် ထိုတပ်စခန်းထဲရှိ ခြေလျင်တပ်ရင်း ခလရ အမှတ်(၂၄၁၊ ၂၄၂၊ ၄၅)နှင့် (၃၄၇) အမြောက်တပ်ရင်းများသည် လုံခြုံရေးတပ်များအဖြစ် တပ်အခြေချထားသည်။

မြို့၏ထက်ဝက်ခန့်ကျယ်ပြန့်သော ဗျူဟာမှူးအထိုင်ချ အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းများရှိသည့် ထိုအခိုင်အမာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သဖြင့် TNLAတပ်သည် ကွတ်ခိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလည်း ဖြစ်သည်။

TNLA က ကွတ်ခိုင်မြို့ကို ခုနစ်မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီး တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ရဒေသ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့အပြင် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)