ဖလမ်းမြို့၊သီးဘွာလ်စစ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်

ဖလမ်းမြို့၊သီးဘွာလ်စစ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်

သီးဘွာလ်စစ်စခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် တွေ့ရစဉ် Photo/CNDF

(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းအား ယနေ့ နိုဝင်ဘာ ၁၅ ရက် မနက် ၅ နာရီကျော်ဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က သတင်းထုတ်ပြန်သည်။

သီးဘွာလ်ရွာတောင်ထိပ်ရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ (နိုဝင်ဘာ ၁၄) ညမှစကာ တိုက်ခိုက်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟုCNDF သတင်းပြန်ကြားရေး The Rilih Voice သတင်းဌာနက ဖော်ပြထားသည်။စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီးလက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

CNDFသည် ပြီးခဲ့သည့်ဧပြီလ(၁၀)ရက်နေ့ကလည်း ချင်းအမျိုးသားတပ်မတော် (CNA)

နှင့်ပူးပေါင်းပြီးကလေး-ဖလမ်းလမ်းမပေါ်ရှိ စစ်ကောင်စီအခြေချဗာရ်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယခုအခါဒုတိယမြောက်စစ်စခန်းတခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် CNA, CDF Hualngoram, CDF Thantlang တို့ပူးပေါင်းပြီးအိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ခုနှစ်ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သား ၄၀ခန့်အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ထွက်ပြေးသွားကြောင်းသိရသည်။

စာတည်း – အေးချမ်း