” အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး” စာသားနှင့် တိုက်ပွဲဝင် အလံတော်ကို ရန်ကုန်မြို့တွင် လွှင့်ထူ

အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး" စာသားနှင့် တိုက်ပွဲဝင် အလံတော်ကို ရန်ကုန်မြို့တွင် လွှင့်ထူ

မဇ္ဈိမ။ ။စစ်ကောင်စီက လုံခြုံရေးပိုမို တင်းကျပ်ထားသော ရန်ကုန်မြို့တွင် “အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး”စာသားနှင့် တိုက်ပွဲဝင် PDF အလံတော်ကို ပန်းဆိုးတန်းခုံးကျော်တံတားတွင် လွှင့်ထူသည့် လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် မနက်တွင် ရန်ကုန်မြို့တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ဘက်သို့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်း၊ ကြိုတင်ချိတ်ဆက် ခိုလှုံခြင်းဖြင့် ပြည်သူ့ဘက်သို့ အချိန်မီ ပူးပေါင်းရပ်တည်ကြရန် သပိတ်အင်အားစုများက လှုံ့ဆော်မေတ္တာရပ်ခံထားသည်။

ထို့ပြင် ဆက်လက်မြင့်တက် ရိုက်ခတ်လာမည့် တော်လှန်ရေးလှိုင်းလုံးများ ၊ တော်လှန်ရေးလှုပ်ရှားမှုများအတွက် လူထုတရပ်လုံး အသင့်ပြင်ဆင် နားစွင့်ထားကြပါရန်နှင့် ပြိုကျယိုင်နဲ့ နေပြီဖြစ်သော စစ်ကောင်စီကို အဆုံးတိုင် ဖြိုချနိုင်ရေး ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ကြပါရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး