၀က်လက်၊ ရွှေပန်းကုံးရဲစခန်းကို PDF တိုက်ခိုက် ဖျက်ဆီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ သေဆုံး၊ ရဲ ၁ဦးအရှင်ဖမ်းမိ

၀က်လက်၊ ရွှေပန်းကုံးရဲစခန်းကို PDF တိုက်ခိုက် ဖျက်ဆီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ သေဆုံး၊ ရဲ ၁ဦးအရှင်ဖမ်းမိ

ရွှေပန်းကုံးစံပြ‌ကျေးရွာအဝင်ဆိုင်းဘုတ် (photo /CJ)

007 (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊၀က်လက်မြို့နယ်ရှ်ိ ရွှေပန်းကုံးစံပြကျေးရွာမှနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးလိုက်သည်။

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအင်အားသုံးဆယ်ခန့်ရှိသည့် အဆိုပါရဲစခန်းကို ယမန်နေ့ နို၀င်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီးရဲတဦးအားအရှင်ဖမ်းမိကာ သေနတ်၁၁လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ရွှေဘိုခရိုင်တပ်ရင်း(၁)နှင့်တပ်ရင်း(၂)တို့ဦးဆောင်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့၀င်များထွက်ပြေးသွားကြသဖြင့် စခန်းကိုလက်ရသိမ်းပိုက်လိုက်နိုင်ကြောင်းသိရသည်။

လတ်တလောတွင် ၀က်လက်မြို့ကို စစ်ကောင်စီက တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့က နံနက် ၅ နာရီတွင်တကြိမ်၊ နံနက် ၇ နာရီခွဲခန့်တွင် တကြိမ် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Wetlet Informational Network ကထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုမသိရှိရသေးပေ။

ရွှေပန်းကုံးစံပြကျေးရွာမှ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နှစ် ၂၀၂၂ခုနှစ်အောက်တိုဘာလကတကြိမ်၊၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကတကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

စာတည်း – အေးချမ်း