တိုက်ပွဲများ ပြင်းထန်နေသော မြဝတီသို့ စစ်ကောင်စီတပ်က စစ်ကူများပို့

ပုံအညွှန်း- ယနေ့ မြဝတီသို့ ချီတက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ပုံအညွှန်း- ယနေ့ မြဝတီသို့ ချီတက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

မဇ္ဈိမ

မြန်မာ-ထိုင်းနယ်စပ်က တိုက်ပွဲများပြင်းထန်သော မြဝတီမြို့ဘက်သို့ ဦးတည်ပြီး စစ်ကောင်စီတပ်၏ စစ်ကူယာဉ်တန်းရှည်ကြီး ချီတက်လာနေကြောင်း ယာဉ်တန်းကို မြင်တွေ့ခဲ့သည့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဖားအံဘက်မှလာသော တင့်ကားများနှင့် စစ်ဘက်သုံး ဖောကားများ အပါအဝင် အစီးရေ ၂၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်၏ စစ်ကူယာဉ်တန်းကို မြိုင်ကလေးရွာတွင် တွေ့မြင်ခဲ့ကြောင်း ခရီးသွားဒေသခံတဦးက ပြောသည်။

“အစီးရေ ၂၀ ကျော်ပါတယ်၊ ဖောကားတွေကော အမြှောက်တွေရော” ဟု မျက်မြင် ဒေသခံက မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မြိုင်ကလေးရွာသည် ဖမ်းဆီးစစ်ဆေးမှု ကြမ်းတမ်းသည်ဟု ခရီးသွားများအကြား နာမည်ကြီးသည့် စစ်ကောင်စီတပ် ထိန်းချုပ်ထားသော သံလွင်တံတားနှင့် ခုနစ်မိုင်ခန့် ဝေးကွာပြီး ဘားအံမြို့နှင့် ၁၂ မိုင်ဝန်းကျင်ခန့် ကွာဝေးသည်။

ပုံအညွှန်း- ယနေ့ မြဝတီသို့ ချီတက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ဒေသခံများ ရိုက်ကူးထားသော ရုပ်သံဖိုင်တွင်လည်း မြဝတီဘက်သို့ စစ်ကူလာသော စစ်ယာဉ်တန်း ရှည်ကြီးကို မြင်တွေ့ရသည်။ အဆိုပါယာဉ်တန်းတွင် အင်အားမည်မျှ ပါဝင်သည်ကို မသိရပေ။

KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော သင်္ဃန်းညီနောင်နှင့် ခုနစ်မိုင်ခန့်အကွာက မြဝတီမြို့တွင် ယမန်နေ့ (ဧပြီလ ၉) ရက်‌နေ့ ညနေပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

တော်လှန်ရေး ပူးပေါင်းတပ်များ ပိတ်ဆို့ထားသော မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) က လက်နက်ချရန် ငြင်းဆန်ပြီးနောက် တိုက်ပွဲစတင်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ တိုက်ပွဲများ ပြင်းထန်နေသည်။

မြဝတီမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်း ရပ်ဆိုင်းနေပြီး မြို့ခံအများအပြား မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့သို့ တိမ်းရှောင်နေကြကြောင်း မဲဆောက်ကို ရောက်နေသော မဇ္ဈိမသတင်းထောက်က ပြောသည်။

ယနေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်းနယ်ခြားစောင့်တပ်ကလည်း လက်နက်၊ ကား အသင့်အနေအထားဖြင့် မဲဆောက်ဘက်ခြမ်းတွင် နေရာယူထားသည်။

စာတည်း။ ။ နောင်နောင်