ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၂ ခုအား KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းများရရှိ

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်းသိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ ရရှိကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဧပြီလ ၂၄ ရက် နံနက် ၄ နာရီတွင် KNLA အမှတ် (၅) တပ်မဟာနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖာပွန်ဒေသအခြေစိုက် ခမရ(၄၃၄)နှင့် စစ်ဝတ်တန်ဆာစုဆောင်း‌ရေးဌာန (စစန-၆၄၂) တပ်စခန်းတို့အား တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

“လုပ်ငန်းရဲ့လုံခြုံရေးအရ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ်မြောက်ခဲ့သမျှကို ကောက်ကာငင်ကာထပြီး မဖော်ပြချင်သေးဘူး။ သို့ပေသိ လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်သူတွေစိတ်ကုန်လက်ပန်းကျစရာ အကြောင်းအရာတွေ တွေ့နေရတော့ မဖော်ပြမဖြစ် ဖော်ပြပေးရခြင်းဖြစ်တယ်” ဟု KNLA ရှေ့တန်းစစ်မျက်နှာစာတွင် ရောက်ရှိနေသည့် ဗိုလ်အယ်ခူစိုးက ပြောသည်။

စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိသော်လည်း စာရင်းအတိအကျကိုမူ မထုတ်ပြန်နိုင်သေးကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြထားသည်။

“အခု ကျွန်တော်တို့ သွားနေတာက စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညည တိုက်ပွဲဝင်နေပါတယ် ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာ ရှိနေကြတဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသားပြည်သူတွေအားလုံးကို ပြောချင်ပါတယ်။ ရှိရှိသမျှငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူတွေကို‌ ပြောချင်တာက ဒွိဟသံသယ မဖြစ်ကြပါနဲ့။ စိတ်ဓာတ်ကျဆုံးမှု တစုံတရာမဖြစ်ကြပါနဲ့” ဟု KNLA မှ ဗိုလ်အယ်ခူစိုးက ပြောသည်။

ဖာပွန်အခြေစိုက် စခန်းနှစ်ခုအား တိုက်ခိုက်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းသိမ်း ပြီးချိန်တွင်လည်း ဖာပွန်ခရိုင်အတွင်းရှိ မြို့နယ်သုံးခုကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ