‘ချန်ပီယံလိဂ်ဖလားကို ယူချင်တယ်ဆိုရင် မန်စီးတီးကို အနိုင်ယူဖို့ လိုတယ်’ – အန်ဆယ်လော့တီ၊ ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာက ‘အစဉ်အလာတခုလိုပါပဲ’ – ပက်ဂွာဒီယိုလာ

By PKThawn

သောကြာနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပြုလုပ်ရာမှာ မန်ချက်စတာစီးတီးနဲ့ ရီးယဲလ်မက်ဒရစ်တို့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် လက်ရှိ ချန်ပီယံတွေဟာ ပြိုင်ပွဲမှာ စံချိန်တင် ၁၄ ကြိမ် ဗိုလ်စွဲထားတဲ့ ရီးယဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

ဒီအသင်းနှစ်သင်းဟာ ပြိုင်ပွဲမှာ သုံးရာသီဆက်တိုက် တွေ့ဆုံတာလည်းဖြစ်နေပါတယ်။

“ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်ဆိုရင်တော့ မန်စီးတီးကို အနိုင်ယူဖို့ လိုပါတယ်” လို့ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အိုဆာဆူနာနဲ့ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လူတိုင်းက ရေပန်းအစားဆုံးလို့ ယူဆကြတဲ့ ပြိုင်ဘက်အသင်းပါ။ သူတို့က ချန်ပီယံလိဂ်ဖလားကို မနှစ်က ဆွတ်ခူးခဲ့တယ်။ ဒါဟာ ခက်ခဲတဲ့ ပွဲစဉ်တခုပါ။ ဒါပေမယ့် ပုံမှန်အတိုင်းပဲ ကျနော်တို့ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိတယ်။ ပြီးတော့ မန်ချက်စတာစီးတီးနဲ့ ဒုတိယအကျော့ကို အဝေးကွင်းမှာ သွားကစားရတာက ဘာမှ မပြောင်းလဲပါဘူး။“လို့ အန်ဆယ်လော့တီက ပြောပါတယ်။

“ကွာတားဖိုင်နယ်ဆိုတာ ရှုပ်ထွေးသလား?! ချန်ပီယံလိဂ်သမိုင်းတလျှောက် ကွာတားဖိုင်နယ်က အမြဲတမ်းရှုပ်ထွေးပါတယ်။ ကျနော်တို့အတွက်ရော သူတို့အတွက်ပါ ရှုပ်ထွေးပါတယ်။ ရီးယဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ်ကို စကစားတဲ့အခါ အိုင်ဒီယာက အဲဒီပွဲကို အနိုင်ရဖို့ပါပဲ။ ပြီးတော့ နိုင်ပွဲရချင်ရင် အကောင်းဆုံးကို အနိုင်ယူရမှာပါ။ မန်ချက်စတာစီးတီးက ဥရောပရဲ့ လက်ရှိအကောင်းဆုံးအသင်းဖြစ်ကောင်းဖြစ်နိုင်မလားဆိုတာ ကျနော် မသိပါဘူး၊ ကျနော်တို့ စောင့်ကြည့်ကြတာပေါ့။ အသင်းက ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို လိုချင်ရင် မန်စီးတီးကို အလဲထိုးရပါလိမ့်မယ်။”

ပက်ဂွာဒီယိုလာက “ကျနော်တို့မှာ တခြားရွေးချယ်စရာ မရှိပါဘူး။ ချန်ပီယံလိဂ် ၁၄ ကြိမ် ဗိုလ်စွဲထားခဲ့တဲ့ ပြိုင်ပွဲရဲ့ဘုရင်နဲ့ သုံးနှစ်ဆက်တိုက် ကစားရတဲ့ဟာ နည်းနည်းတော့ အစဉ်အလာလိုတခုလိုဖြစ်နေပုံရတယ်။ ဒါပေမယ့် ရှောင်လို့မှ မရတာကို။ ကျနော်တို့ အခိုက်အတန့်ကောင်းနဲ့ ရောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မက်ဒရစ်မှာ ပထမအကျော့မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်ရှိသေးပါတယ်။ ကြည့်ကျတာပေါ့။”လို့ ပြောပါတယ်။

“ဒါက မဲခွဲမှုပါ၊ ဒါကို ခင်ဗျား မထိန်းချုပ်နိုင်ပါဘူး။ ပုံမှန်အားဖြင့် ဒီမဲခွဲတာက လွယ်လွယ်လေးပါလို့ လူတွေက ပြောတဲ့အခါ ပြိုင်ဘက်ကို လျှော့တွက်ထားတာကြောင့်ပါ။ ဒီပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်က ဘာလဲဆိုတာ ပြောနေစရာ မလိုပါဘူး။ ပြီးတော့ မဲခွဲမှုအရ … ပြီးခဲ့တဲ့ နှစ်ရာသီကလိုပဲ အဝေးကွင်းမှာ ကစားပြီးတဲ့အခါ အိမ်ကွင်းမှာ ဒုတိယအကျော့… ဒီတော့ ဒါကို လက်ခံရမှာပဲ။ ကျနော်တို့တွေ ပွဲကောင်းနှစ်ပွဲကို ကစားရဖို့ရှိတယ်။ ပြီးတော့ ဒါကို ကျော်ဖြတ်ပြဖို့ လိုပါတယ်။”

(AFP)