စစ်ကောင်စီ လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် ဆက်နွယ်သည့် ထိုင်းလွှတ်တော်အမတ်အား မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက ဘန်ကောက်တွင် ဖမ်းဆီးခံရပြီးနောက် အထက်လွှတ်တော်အမတ် Upakit က မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

Daily Mail

ထိုင်း အစိုးရရှေ့နေများသည် နိုင်ငံ၏ အထက်လွှတ်တော် အမတ်တဦးကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်နွယ်ပတ်သက်မှုများ အပါအဝင် စွဲဆိုချက် ခြောက်ချက်ဖြင့် တရားစွဲဆို စွဲချက်တင်ကြောင်း ရှေ့နေချုပ်ရုံး၏ သောကြာနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဘန်ကောက်ရှိ ရာဇဝတ်မှု ခုံရုံး၌ စစ်ဆေးခံရရာ၌ စွဲချက်အားလုံးကို လွှတ်တော်အမတ် ဥပါကစ် ပါချာရီယန်ကန်က ငြင်းဆန်ပြီး ၎င်းကို ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂၈၆,၀၀၀) အာမခံဖြင့် ပြန်လွှတ်ထားသည်။

ဥပါကစ်၏ အမှုသည် အိမ်နီးချင်း မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီနှင့် နီးစပ်သော အထူးသဖြင့် စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်နှင့် ရင်းနှီးသည်ဟု သတင်းထွက်ကာ စစ်ကောင်စီ လက်နက်ပွဲစားဖြစ်သည့် ဩဇာကြီးသော စီးပွားရေးသမား ထွန်းမင်းလတ်နှင့် ဆက်နွယ်ပတ်သက်မှု ရှိနေသည်။ မင်းအောင်လှိုင်သည် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းထားခြင်း ဖြစ်သည်။

ထွန်းမင်းလတ်နှင့် ဥပါကစ် ထိန်းချုပ်သော လျှပ်စစ်ကုမ္ပဏီတခုမှတဆင့် ဥပဒေမဲ့ မူးယစ်ဆေးဝါးများ ရောင်းချရမှုမှ ရရှိသည့် အကျိုးအမြတ်များကို ငွေကြေးခဝါချနေသည်ဟု စွပ်စွဲချက်များတွင် ပါဝင်သူ အားလုံးကို အမှုတင်ထားခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်၌ လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရသည့်နောက် ထိုကုမ္ပဏီမှ အစုရှယ်ယာများကို ရောင်းချခဲ့သည်ဟု ဥပါကစ်က အတည်ပြုဆိုသည်။

မြန်မာနိုင်ငံသည် မက်သာဖီတမင်းကဲ့သို့ တရားမဝင် မူးယစ်ဆေးဝါးများ အဓိက ထုတ်လုပ်ရာနှင့် တင်ပို့ရာ နိုင်ငံဖြစ်ပြီး ထိုမူးယစ်ဆေးများသည် ဒေသတွင်း သုံးစွဲရန်နှင့် တဆင့်ဖြန့်ဖြူးရန် ထိုင်းနိုင်ငံထဲသို့ အများစု ဝင်ရောက်သည်။

ဥပါကစ်နှင့် ထွန်းမင်းလတ်တို့သည် မြန်မာနိုင်ငံရှိ ကာစီနိုတခုနှင့် ထိုင်းရှိ လျှပ်စစ်ကုမ္ပဏီတခု အပါအဝင် ကုမ္ပဏီအချို့အား ရှယ်ယာခွဲဝေ ပိုင်ဆိုင်ကြကြောင်း ထိုင်းနှင့် မြန်မာမီဒီယာများက ဖော်ပြထာသည်။

ထွန်းမင်းလတ်သည် စစ်ကောင်စီအတွက် လက်နက်ပွဲစားတဦး ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံက လွတ်လပ်သော မီဒီယာများနှင့် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ဖော်ပြထားသည်။ ထွန်းမင်းလတ်၊ သူ့ဇနီးနှင့် သူ့ကုမ္ပဏီအချို့ကို စစ်ကောင်စီအား ထောက်ပံ့ခြင်းကြောင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ စစ်ကောင်စီ၏ အာဏာသိမ်းပိုက်မှုနှင့် အတိုက်အခံများအပေါ် အကြမ်းဖက်နှိပ်ကွပ်နေခြင်းများကြောင့် အမေရိကန်က ရှုတ်ချထားသည်။

ထွန်းမင်းလတ်အား မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုများဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ဖမ်းဆီးခဲ့သည်။ ထွန်းမင်းလတ်နှင့်အတူ ဥပါကစ််၏ ထိုင်း-အမေရိကန် သမက် ဒင်း ဂူတူလာအပါအဝင် ထိုင်းနိုင်ငံသား သုံးဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလအတွင်း စွဲချက်များကို ၎င်းတို့က အပြစ်မရှိကြောင်း ထွက်ဆိုကြပြီး ကြားနာစစ်ဆေးမှုကို ဆိုင်းငံ့ထားသည်။

ဥပါကစ်၏ နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခြင်းနှင့် တရားမဝင် ရရှိထားသည်ဟု သံသယရှိရသည့် ပိုင်ဆိုင်မှုတန်ဖိုး ဘတ် သန်း ၄၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း) အား သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ထိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့က လအနည်းငယ်အတွင်း၌ ကြေညာထားသည်။

ဥပါကစ်၏ အမှုအတွက် သက်သေများကို ပြန်လည်သုံးသပ်ရန် မေ ၁၃ ရက်တွင် ကနဦး ကြားနာမည်ဖြစ်ကြောင်း တရားရုံးက ချမှတ်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)