မြင်းခြံတွင် အရပ်သား ၃ ဦးကို စစ်ကောင်စီသတ်ဖြတ်သွားဟုဆို

စစ်ကောင်စီမီးရှို့ပြီးနောက် တွေ့ရသည့် ရသာရွာတွင်း မြင်ကွင်း/Photo – CJ

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှ ရသာနှင့်ဖရင်းရွာကို စစ်ကောင်စီက ဝင်ရောက်စစ်ကြောင်းထိုးပြီး ဒေသခံအမျိုးသားသုံးဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ကားများဖြင့်ရောက်ရှိလာပြီးနောက် အရပ်သားများအားပစ်မှတ်ထား၍ အကြမ်းဖက်ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတဦးကပြောသည်။

” ကား‌သုံးစီးနဲ့ ဝင်လာပြီး ဦးတည်ရာ ပစ်တာ။ ဖရင်းရွာက နှစ်ဦး၊ ရသာရွာက တဦး သေဆုံးတာပါ။ ရွာတွေကိုလည်းမီးရှို့ပြီး ဆက်စစ်ကြောင်းထိုးနေပါတယ်” ဟု ဒေသခံတဦးကပြောသည်။

ဖရင်းရွာတွင် အသတ်ခံရသူနှစ်ဦးမှာ နံနက်စောစော တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်သည့် သားအဖနှစ်ဦးဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုးကာ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု မြင်းခြံမြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။

သေဆုံးသူသုံးဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမသိရှိရသေးပေ။ စစ်ကောင်စီစစ်ကြောင်း သည် နံနက် ၈နာရီ ၃၀မိနစ်ဝန်း ကျင်တွင် ကုက္ကဲရွာဘက်သို့ ဦးတည်ထွက်ခွာသွားပြီး လမ်းတလျှောက်ရှိ ကျေးရွာများကိုမီးရှို့ဖျက်ဆီးနေကြောင်း ဒေသကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် ရသရွာနှင့်ဖရင်းရွာသို့ ဒေသခံများနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့ များ ပြန်လည်ဝင်ရောက်ပြီး မီးငြှိမ်းသတ်နေကာ လတ်တ‌လောရရှိထားသည့်စာရင်းများအရနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ဆက်ရှိနေ၍ ဒေသခံများ လုံခြုံရေးသတိပြုနေထိုင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

စာတည်း – အေးချမ်း