ကနီမြို့ ကုန်းသာရွာကို စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်

ပုံအညွှန်း- ကုန်းသာကျေးရွာမှ ထိခိုက်ပျက်စီးမှူများ / ပုံ- ဒေသခံ

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ အနောက်ခြမ်းရှိ ကုန်းသာ ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲ အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းသုံး တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သ်ိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ) မှ တက်လာသည့် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ ရွာကို ရှစ်ပတ် ပတ်ပြီး စက်သေနတ်တွေ နဲ့ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ခန်းမတွေ ပျက်စီးသွားတယ်။ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတော့ ရှိခဲ့တယ်” ဟု ဒေသခံက ဆိုသည်။

တိုပ်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ကြောက်ရွံ့နေကြကြောင်း အခြားဒေသခံ တဦးက ဆက်၍ ပြောသည်။

“ ရွာမှာ အေးအေးဆေးဆေး လယ်လုပ် ၊ ယာလုပ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အရင်က ရဟတ်ယာဉ်တွေလို သူ့လမ်းကြောင်းနဲ့ သူ သွားတာမဟုတ်ဘဲ ရုတ်တရက် စက်သေနတ်တွေနဲ့ ပစ်တော့ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဖြစ်သွားတာပါ။ အခုတော့ လေယာဉ်သံကြားပြီ ဆိုရင် ပုန်းနေရတော့တာ ဖြစ်တယ်” ဟု ဒေသခံက ဆိုသည်။

ကနီမြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ငါးဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)