မန္တလေးတွင် နိုင်ငံကူးလက်မှတ်ရရန် ရုံးဝန်ထမ်းနှင့်ပွဲစားကို အမြန်ကြေး ကျပ် ၁၀သိန်းအထိပေးရ

ဓာတ်ပုံ – ရန်ကုန် နိုင်ငံကူး လက်မှတ်ရုံးအတွင်း တန်းစီ စောင့်ဆိုင်း နေကြသူများကို တွေ့ရစဉ်။

ကီရာ

(မဇ္ဈိမ)။ ။မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်ရရန် နိုင်ငံကူးလက်မှတ်ရုံးရှိဝန်ထမ်းနှင့် ပွဲစားများကို အမြန်ကြေး ကျပ် ၁,၀၀၀,၀၀၀ (၁၀သိန်း)အထိ ပေးဆောင်နေရကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက ပြောသည်။

နိုင်ငံကူးလက်မှတ် အမြန်လုပ်ဆောင်ပေးသူများသည် ၁၀ရက်အတွင်း ရရှိနိုင်မည်ဖြစ်ကြောင်း အာမခံကြပြီး နိုင်ငံကူးလက်မှတ်လုပ်ဆောင်ပြီးစီးကြောင်း စလစ်ထွက်လာမှသာ ငွေချေရသည်ဟု သိရသည်။

“ သူတို့ပြောတဲ့ရက်မှာ ချက်ချင်းဝင်ရမယ်၊ ရုံးထဲစာရွက်ရလည်း ဖောင်ယူပြီး ကိုယ်တိုင်ဖြည့်ပြီးရင် သူတို့ကို ပေးလိုက် ငွေသွင်းတာ၊ လဝကစစ်တာကအစ သူတို့ဘာသာလုပ်ပေးမှာ၊ ပြီးရင် ဓာတ်ပုံရိုက်ပြီး စလစ်မှာ မွေးသက္ကရာဇ်စစ်၊ မှတ်ပုံတင်နံပါတ်တွေ နာမည်တွေ မှန်မမှန်စစ်ပြီး စလစ်ယူ ပိုက်ဆံချေရုံပဲ “ဟု အမြန်ကြေးလုပ်ဆောင်ရသည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံကူးလက်မှတ် လုပ်ဆောင်သူတဦးက ပြောသည်။

ရုံးအတွင်း ဝန်ထမ်းနှင့် တိုက်ရိုက်လုပ်ဆောင်နိုင်ပါက ကျပ် ၆၅၀,၀၀၀ မှ ၇၀၀,၀၀၀ အထိသာ ပေးရသော်လည်း ကြားမှ ပွဲစားဖြင့် ချိတ်ဆက်လုပ်ဆောင်မိပါက ကျပ် ၁,၀၀၀,၀၀၀ (၁၀သိန်း)အထိ ပေးရသည်ဟု ၎င်းက ထပ်မံပြောသည်။

နိုင်ငံကူးလက်မှတ်ရရန် ယခင်က နေရာတန်းစီရာတွင် ည ၁၂နာရီမှ စ၍ တန်းစီရပြီး ပွဲစားများနှင့် နေရာလုရ၊ ရဲများလိုက်ရိုက်ပါက ထွက်ပြေးရခြင်းများရှိခဲ့ပြီး ပွဲစားများထံ နေရာဝယ်ယူပါကလည်း နေရာခ အမှတ်စဉ် လူ ၁ မှ လူ ၃၀ အတွင်း ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၄၀၀,၀၀၀ အထိရှိပြီး၊ လူ ၄၀ မှ လူ ၇၀ အတွင်း ကျပ် ၁၅၀,၀၀၀မှ ကျပ် ၂၀၀,၀၀၀အထိနှင့် လူ ၁၀၀ အနောက်ပိုင်းကို ကျပ်၁၃၀,၀၀၀ အထိ ဈေးအမျိုးမျိုးရှိကြကြောင်း နိုင်ငံကူးလက်မှတ် သွားရောက်လုပ်ဆောင်ကြသူများက ပြောသည်။

ဒီဇင်ဘာ ၁၀ရက်နောက်ပိုင်းမှ စတင်၍ ထိုသို့ နေရာရောင်းချမှုများ မဖြစ်ပေါ်ရန် ရည်ရွယ်၍ လာရောက်တန်းစီကြသူများကို နေ့လယ် ၃နာရီမှစ၍ နောက်ရက် ထပ်မံလာရောက်နိုင်ရန် ကြိုတင်စာရင်းရယူမှုကို ညနေ ၅နာရီခန့်အထိ နိုင်ငံကူးလက်မှတ်ရုံးမှ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်စာရင်းပေးရန် မှတ်ပုံတင်မူရင်း ယူဆောင်သွားရန် လိုအပ်ကြောင်းလည်း သိရသည်။

“ တုံကင် ပေးတာ မဟုတ်ပါဘူး စာရင်းပေးရတာပါ။ တုံကင်ဆိုရင် နံပတ်စဉ်အတိုင်း ဝင်ရတာ၊ စာရင်းကကျတော့ ဒီနေ့ လုပ်ရမယ့်လူ စာရင်းထဲပါပေမယ့် ရှေ့ဆုံးရောက်ရင် အဲ့ရောက်တဲ့လူက အရင်ဝင်ရတာပေါ့၊ ပြောရမယ်ဆိုရင် နှစ်ကြိမ် တန်းစီရတာ ၊ ပထမက စာရင်းပေးဖို့ တန်းစီရ၊ ဒုတိယက ရက်ချိန်းရတဲ့ရက်ကို လာတန်းစီရတာပေါ့ ။ ရက်ချိန်းရတဲ့ရက်မလာဘဲ နောက်ရက်လွန်မှ လာရင်လည်း မရတော့ဘူး၊ နောက်တကြိမ် ရက်ချိန်းယူဖို့ ပြန်တန်းစီရမယ်”ဟု နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားသူတဦးက ပြောသည်။

သို့သော် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများပြားသဖြင့် ကြိုတင်စာရင်းပေးမှုကို ဒီဇင်ဘာ ၂၁ရက်မှသာ ပြန်လည်လုပ်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရပြီး ထိုသို့ ကြိုတင်စာရင်းပေးရန်နှင့် စောင့်ဆိုင်းရန် အဆင်မပြေသူများမှာ အမြန်ကြေးအဖြစ် ဈေးအမြောက်အမြားပေး၍ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ကြရသည်ဟု သိရသည်။

“အခုက ကြိုတင်စာရင်းပေးတဲ့စနစ် ပြောင်းသွားတော့ ပွဲစားနေရာရောင်းတဲ့သူတွေတော့ မရှိတော့ဘူး။ ဒါပေမယ့် ပွဲစားထက်ဆိုးတဲ့လူတွေ ရှိတယ်။ ရုံးထဲက လူတွေပေါ့ ။ ပတ်စပိုစ့်အမြန်ဆိုပြီး တင်ထားတဲ့ပိုစ့်တွေ တွေ့ရင် ဈေး မေးကြည့်၊ အဲ့လူတွေက ပွဲစားထက်ဆိုးတဲ့ လူတွေပဲ။ ကျွန်တော်က နေရာရောင်းတဲ့သူနဲ့ ချိတ်ပြီး ၃၅၀,၀၀၀ အပြီး လုပ်ထားတာ ။ အဲ့နေ့က စနစ်ပြောင်းသွားတော့ လုပ်မရတော့ဘူး။ တန်းစီမယ်ဆိုရင်လည်း ၂၁ရက်နေ့မှ စာရင်းသွင်းရမှာ။ အချိန်ပေး လူပင်ပန်းခံနိုင်ရင်တော့ တန်းစီရမှာပေါ့”ဟု နိုင်ငံကူးလက်မှတ် လုပ်ဆောင်မရခဲ့သူတဦးက ၎င်းအတွေ့အကြုံကို ပြောပြသည်။

နိုင်ငံကူးလက်မှတ်သည် ကိုယ်တိုင်လုပ်ဆောင်ပါက ဘဏ်ငွေသွင်း၊ ဓာတ်ပုံရိုက် ၊ စာအုပ်အပါ အားလုံးအပြီးအစီးအတွက် လူတဦးလျှင် ကျပ် ၃၅,၀၀၀ သာ ကျသင့်သော်လည်း လက်တလောတွင် ၎င်းနိုင်ငံကူးလက်မှတ်ရရှိရန် ငွေကျပ်အမြောက်အမြား ပေးဆောင်နေရခြင်းဖြစ်သည်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံးကိုမူ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ၂၄ရက်က စတင်၍ အွန်လိုင်း ဘိုကင်စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အွန်လိုင်း ဘိုကင်ရယူထားရှိပြီးသူ စာရင်းသည် ၂၀၂၄ခုနှစ် မေလ ၁၅ရက် အထိဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ဖော်ပြချက်မှတဆင့် သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)