ဆမီးမြို့တွင်းတိုက်ပွဲကြောင့် မြို့ခံ ၇,၀၀၀ နီးပါး စစ်ဘေးရှောင်ရ

မဇ္ဈိမ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် AA ( ရက္ခိုင့်တပ်တော်)တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် မြို့နေလူဦးရေ ၇,၀၀၀ နီးပါး ကျေးရွာနှင့်ချောင်းဖျားများဆီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အင်အား ၁၀၀ ဝန်းကျင်ရှိသည့် AA( ရက္ခိုင့်တပ်တော်)တပ်များက မြို့ပေါ်နေရပ်ကွက်တချို့ရှိ မြို့မိမြို့ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံ၍ ဆမီးဗျူဟာထံ သွားရောက်ပြီး လက်နက်ချရန်ပြောဆိုခိုင်းကြောင်းလည်း သိရသည်။

‘’ကျွန်တော်တို့အားလုံး အခုမနက် ဆမီးကနေထွက်တော့မှာ၊ ရွာတွေဘက်ခြမ်းမှာ သွားနေရမှာပေါ့။ မြို့သိမ်းတိုက်ပွဲ ဆင်နွဲတော့မယ်ဆိုပြီး ပြောနေကြတော့ မနေရဲကြတော့ဘူး၊ လူ ၆,၀၀၀ ကျော် ၇,၀၀၀ နီးပါးကလည်း ရွာတွေမှာ နေဖို့စားသောက်ဖို့ဆိုတာကတော့ တော်တော်ခက်ခဲရပါတယ်။ အခုမထွက်သွားရင်လည်း မရတော့ဘူးလေ၊ ဂိတ်တွေဖွင့်ပေးထားတယ်။တကယ်လို့ ဂိတ်တွေမဖွင့်ပေးရင် သွားလာရ မရတော့ဘဲ ပိတ်မိနေမှာ’’ ဟုလည်း ဆမီးဒေသခံတဦးက ပြောသည်။

ဆမီးမြို့ပေါ်တွင် ရပ်ကွက် သုံးရပ်ကွက်ရှိပြီး လူဦးရေ ၈,၀၀၀ ကျော်ရှိကာ မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြ၍ စစ်ရှောင်စခန်းများမှ စစ်ဘေးရှောင်များသာ ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိ ရက္ခိုင့်တပ်တော်( ULA/AA )အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် ဗျူဟာကုန်းများဖြစ်သည့် ထရွန်အိုင်ဗျူဟာကုန်း၊ နုန်းဘူးဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၇ ခုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်းလည်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)