စစ်ကောင်စီရဲ့ ရုပ်သေးရုပ် သို့ မျိုးနွယ်တူလူငယ်တွေကို ဖိအားပေးချယ်လှယ်သူ

ပုံအညွှန်း- လီဆူးပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း

ပုံအညွှန်း- လီဆူးပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း

အဂမ်

(မဇ္ဈိမ)။ ။ လီဆူတိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့  ကိုလာဝူးပါး(အမည်လွဲ) ကတော့ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာ လဝက်လောက်ရှိနေပါပြီ။    စိုက်ပျိုးရေးလုပ်နေတဲ့ တောင်ယာခင်းထဲအထိ လာရောက်ရှာဖွေသူ‌ေတွကြောင့် သူပျော်မွေ့ရာ ဇာတိတောင်ယာစိုက်ခင်းတွေကို စွန့်ခွာပြီး တရပ်တကျေးမှာ အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

“ကျနော်ကတော့ အခု ကချင်မှာမဟုတ်တော့ဘူး။ တခြားဒေသကိုရောက်နေပြီဟုတ်တယ်။ နောက်ပြီး ကျနော့်ကိုဆို အခင်းထဲထိလာရှာလို့ပဲ ကျနော်လည်း အဖေနဲ့အမေကို တိုင်ပင်ပြီး ဒီဘက်မှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့လိုက်တော့တာ ဟုတ်တယ်။ ထွက်ပြေးလာတာလို့ပြောရင်လည်း ရတယ် ” ဟု ဝိုင်းမော်မြို့ဒေသခံ  ကိုလာဝူပါးပြောပါတယ်။

  စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ အဖွဲ့က လူတွေက ကိုလာဝူးပါးကို ပြည်သူ့စစ်အဖွဲ့ထဲ အတင်းအကျပ် ဝင်ခိုင်းဖို့ လိုက်လံရှာဖွေနေကြတာပါ။

ဦးရွှေမင်းက လီဆူလူမျိုးတွေကို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး ပြီးခဲ့တဲ့  အောက်တိုဘာလ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့စာက
ကချင်လူထုအသိုင်းအဝိုင်းကြားပျံ့နှံ့လာပါတယ်။ အဲ့ဒီနောက်မှာတော့ လီဆူအမျိုးသားတွေဟာ  ကိုလာဝူးပါးလိုမျိုးပဲ အတင်းအကျပ် ပြည်သူ့စစ်ထဲ ဝင်ဖို့ ဖိအားပေးခံနေရတာပါ။

ကိုလာဝူပါးတယောက်က လီဆူပြည်သူ့စစ်အဖွဲ့ဝင်တွေလာရောက်ရှာဖွေမှုကနေ လွတ်မြောက်ခဲ့ပေမယ့် လက်ရှိမြေပြင်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်စရာမရှိဘဲ ပြည်သူ့စစ်ထဲ ဝင်ရသူကလည်း တစထက် တစ ပိုများလာနေပါတယ်။

“ဒီမှာ တအားရှုပ်နေတာဟုတ်တယ်။ သူတို့လာရှာတဲ့အခါ လာခေါ်တော့ ဘယ်သူရှိလဲ ရှိတဲ့သူခေါ်သွားတယ်။ နောက်မှ လူပြန်ချိန်းတယ်။ အသက်ပြည့်တာ ၊ မပြည့်တာ ဘာမှမစဥ်းစားဘူး တွေ့တဲ့သူကို ခေါ်သွားတာပဲ” လို့  ဝိုင်းမော်ဒေသခံ လီဆူတိုင်းရင်းသားဒေသခံတဦးလည်းပြောပါတယ်။

ဦးရွှေမင်းရဲ့ ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်တဲ့ စာမှာတော့  ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ လီဆူတိုင်းရင်းသား မျိုးနွယ်စုဝင် အားလုံး တအိမ်တယောက်နှုန်း ပြည်သူ့စစ်အဖြစ် ပါဝင်လာဖို့နဲ့  နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်အထိ အမည်စာရင်း ထည့်သွင်းခြင်းမရှိရင် နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး နေအိမ်အထိ လာရောက်ခေါ်ယူမယ်လို့ ဖော်ပြထားတာပါ။

လီဆူပြည်သူ့စစ် အဖွဲ့ဝင်ဖို့  လိုက်လံစည်းရုံးနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက “အဓိကကတော့ သူ့ကျွန်မခံ တန်းတူအခွင့်အရေးရဖို့၊ ဖိနှိပ်မှုကို တွန်းလှန်ဖို့၊ လူမျိုးရေး ဝါးမြိုမှုကို ကာကွယ်ဖို့၊ အခုကျနော်တို့ကို နှစ် ၆၀ ကျော် ဖိနှိပ်နေတဲ့ အဖွဲ့အစည်းကို  တိုက ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝှိုက်အားဖြင့် သော်လည်းကောင်း ပြန်ပြီးတော့ခုခံသွားနိုင်ဖို့ ဖြစ်တယ်” လိုဆိုပြီး ကချင်ဒေသတွင်း သတင်းမီဒီယာကြီးဖြစ်တဲ့ Kachin News Group ကို ယခုလိုပဲ အတိအလင်း ဖြေဆိုထားသည်။

သူပြောတဲ့ နှစ် ၆၀ ကျော် ဖိနှိပ်တဲ့ အဖွဲ့အစည်းဆိုတာက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA ) ကို ရည်ညွှန်းပြောဆိုတာပါ။

မဇ္ဈိမရဲ့ မြေပြင်သတင်းအဖွဲ့က က  ဦးရွှေမင်းကို ဖုန်းနဲ့ ဆက်သွယ်နေပေမယ့် အခု ဆောင်းပါးကိုရေးသားနေတဲ့အချိန်အထိ အကြောင်းအမျိုးမျိုးပြပြီး  ပြန်လည်လက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။

လက်ရှိမှာ  ဦးရွှေမင်းဦးရဲ့ ပြည်သူ့စစ်အဖွဲ့ကတော့ ထုတ်ပြန်ချက်အတိုင်း ဝိုင်းမော်မြို့နယ်၊  လီဆူကျေးရွာတွေက  နေအိမ်တွေအထိ မြေပြင် ကွင်းဆင်းပြီး အဖွဲ့ဝင်ရမည်ဖြစ်ကြောင်း   လိုက်လံအသိပေးထားတယ်လို့   မဇ္ဈိမရဲ့ မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိထားပါတယ်။
လီဆူပြည်သူ့စစ်ကို ကချင်ပြည်နယ်ထဲက လီဆူမျိုးနွယ်တွေနဲ့ အဓိက ထားဖွဲ့စည်းသွားမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ဝိုင်းမော်မြို့က လီဆူအမျိုးသားတွေကို စတင်စုဆောင်းနေပြီလို့ သိရပါတယ်။

အဲ့ဒီကနေ တဆင့် မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော် နဲ့  ခေါင်လန်ဖူး အစရှိသော မြို့နယ်တွေကို  တဆင့်ပြီးတဆင့် လိုက်လံစုဆောင်းဖို့ စီစဥ်ပြီးဖြစ်တယ်လို့  အမည်မဖော်လိုတဲ့  လီဆူပြည်သူ့စစ်ခေါင်းဆောင်တဦးက  မဇ္ဈိမကို အတည်ပြုထားပါတယ် ။

ဦးရွှေမင်းဆိုတာ ဘယ်သူလဲ။

ဦးရွှေမင်းက  လက်ရှိအာဏာသိမ်းစစ်တပ်ရဲ့  မဟာမိတ် ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့  ဒီမိုကရေစီသစ် တပ်မတော် (NDA-K ) တပ်ဖွဲ့မှာ  ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။  သူ့ရဲ့မွေးစား ဖခင် ဦးဟောလော်ဂျီကလည်း  NDA – K  ရဲ့ ကောင်စီဗဟိုကော်မတီဝင် ဖြစ်ခဲ့တယ်လို့ NDA-K ဌာနချုပ်ရှိရာ ပန်ဝါမြို့က  NDA – K တပ်ဖွဲ့ဝင် သတင်းရင်းမြစ်က အတည်ထားပါတယ်။

၂၀၀၅ ခုနှစ်က  NDA – K ဌာနချုပ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဦးရွှေမင်းနဲ့  အထက်အရာရှိ G – 1 မန်ကီခေါင်လွမ်းတို့  ဦးဇခုန်တိန့်ယိန်းထံက အာဏာသိမ်းရန် ကြိုးစားမှု ကျရှုံးသွားပါတယ်။ အဲ့ဒီနောက်ပိုင်း ဦးရွှေမင်းက  NDA – K ဌာနချုပ်ရှိရာ ပန်ဝါမြို့ကိုစွန့်ခွာပြီး  KIAတို့ခြေကုပ်ရယူထားမှု အားကောင်းတဲ့  ဖားကန့်လုံးခင်းရတနာမြေဒေသကို  ပြောင်းရွေ့ခိုလှုံပြီး ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်နေခဲ့တာပါ။

အာဏာသိမ်းမှုကျရှုံးခဲ့တဲ့ ဦးရွှေမင်းက ဦးဇခုန်တိန်းယိန်း တုံ့ပြန်လာမည့် ရန်ကို ကြောက်ရွံ့မှုကြောင့်  KIA ဌာနချုပ်ပြီးရင် KAI တပ်ဖွဲ့ရဲ့ ဒုတိယ ခြေကုပ်မှုအားကောင်းတဲ့  ဖားကန့်ဒေသမှာ  တိမ်းရှောင်ခိုလှုံနေတာဖြစ်တယ်လို့  KIA သတင်းရင်းမြစ်များက အခိုင်အမာဆိုထားပါတယ်။   ဦးဇခုန်တိန်းယိန်းဟာ KAI ကနေ ခွဲထွက်ပြီး NDA -K ဖွဲ့စည်းထားတာပါ။

ဦးရွှေမင်းတယောက်   NDA – K တပ်ဖွဲ့အတွင်း ရှိစဥ်နဲ့ ကျောက်စိမ်း လုပ်ငန်းလုပ်ကိုင်ချိန်တုန်းက  သူ့ကို ကချင်လူထု သာမက လီဆူတိုင်းရင်းသား‌ေတွကပါ လူသိနည်းခဲ့ပါတယ်။ ဒါပေမဲ့  စစ်ကောင်စီ  အာဏာမသိမ်းခင် ၂၀၂၀ ရွေးကောက်ပွဲမှာ လီဆူလူမျိုး အသိုင်းအဝိုင်အကြား ဩဇာကြီးမားနေတဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရဲ့ ဥက္ကဋ္ဌဖြစ်လာချိန် KIA ကို ဝေဖန်ရှုတ်ချမှုတွေ၊  KIA ကို ဆန်ကျင်တဲ့  လူထုဆန္ဒပြပွဲတွေကို ရှေ့ထွက် ဦးဆောင်မှု ပြုလုပ်လာတာတွေနောက်ပိုင်းမှာတော့ ကချင်ပြည်သူလူထုက သူ့ကို သတိပြုမိလာကြပါတယ်။ 

ဒါအပြင့် ဒူးလေးပါတီရဲ့  လူမှုကွန်ရက် စာမျက်နှာတွေမှာ  KIAကို ဆန့်ကျင်တဲ့ စာများကို ရေးသားဖော်ပြခွင့်ပေးခဲ့ပါတယ်။ ထို့အပြင် ရဝမ်းဌာနေဒေသဖြစ်သော ပူတာအိုခရိုင်မှ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူးမြို့နယ်များနှင့် ချီဖွေ၊ ဆော့လော်မြို့နယ်များကို လီဆူအထူးကိုယ်ပိုင်အုပ် ချုပ်ခွင့်ဒေသများအဖြစ် သက်မှတ်ပေးရန်နှင့် လီဆူဆိုသည့် လူမျိုးအမည်မှန်ကို သက်မှတ်ပေးရန် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး (ပင်လုံ) ညီလာခံမှာ ဦးရွှေမင်းက တောင်းဆိုခဲ့ပါသေးတယ်။ သူရဲ့ အဲ့ဒီ တင်ပြတောင်းခံမှုကို ကန့်ကွက်ကြောင်း ပူတာအိုဒေသခံ ထောင်ချီက ဆန္ဒပြခဲ့ကြ​ပါတယ်။

ဦးရွှေမင်း ဒူးလေးပါတီ၏ ဥက္ကဌအဖြစ်ဆောင်ရွက်စဥ် စစ်တပ်ရဲ့ အသွင်ပြောင်း ပြည်ခိုင်ဖြိုးပါတီနဲ့  မဟာမိတ်အဖြစ်ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့  အထွေထွေရွေးကောက်ပွဲမှာ ဒူးလေးပါတီဟာ ကချင်ပြည်နယ်အတွင်း လီဆူတိုင်းရင်းသားတွေအများစု နေထိုင်တဲ့ ခေါင်လန်ဖူး နဲ့ ဆော့လော်မြို့မှာ  အမတ်နေရာလေးနေရာ အနိုင်ရရှိခဲ့တာပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ခေါင်လန်ဖူးမြို့နယ်မှ အမတ်နေရာ တနေရာသာ အနိုင်ရရှိခဲ့ပေမယ့် ကြံ့ခိုင်ရေးနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ကို ကျော်လွန်ပြီး  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးရွှေမင်းဟာ ရွေးကောက်ခံခဲ့ရပါတယ်။

KIA နဲ့  ပြည်သူ့စစ်အဖွဲ့တို့၏ လားရာ

ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့အပြင် အခြားမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေပါသေးတယ်။
KIA ကနေ ခွဲထွက်ခဲ့တဲ့ ဦးဇခုန်တိမ်ယိန်း ဦးဆောင်နေတဲ့  NDA-K တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ဦးလဆန်အောင်ဝါ ဦးဆောင်တဲ့ ဌာနေပြည်သူ့စစ်အဖွဲ့၊ ဦးတန်ဂူးတန်ဦးဆောင်တဲ့ ရဝမ်ဌာနေ ပြည်သူ့စစ်အဖွဲ့ (ဒေသအခေါ် အတန် ပြည်သူ့စစ်)၊  ဧရာဝတီမြစ် ပထမမြစ်ကျဥ်းဒေသ ဆင်ဘို – တာလောကြီး လှုပ်ရှားဒေသမှ ရှမ်းဌာနေပြည်သူ့စစ်အဖွဲ့၊ တနိုင်းဒေသမှ မင်းဇေသန့်ဦးဆောင်တဲ့ ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့၊ အင်းတော်ကြီးဒေသက  ဌာနေပြည် =သူ့စစ်အဖွဲ့များလို ပြည်သူ့စစ် အဖွဲ့ပေါင်း ၃၀ ကျော်ရှိနေတာပါ။

ဒါပေမဲ့  အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့၊ ဦးမင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့‌ေတွက အဖွဲ့ငယ်အဖြစ်ကနေ ပိုပြီး အားကောင်းလာပါတယ်။

“KIA အနေနဲ့ သူကလွဲပြီး ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေကို သူ့နယ်မြေအတွင်းမှာ မရှိစေချင်တာတော့ အမှန်ပဲ။ ဒါကြောင့် တခြားလက်နက်ကိုင်အဖွဲ့တွေကို ခွင့်ပြုပေးနေတာမဟုတ်ဘူး။မသက်သာလို့ ကြည့်နေရတဲ့သဘောပဲ။ အရင်ကတည်းက သူ့အနေနဲ့ အပြတ်မဖြေရှင်းခဲ့တာက လူမျိုးရေးလို ပြဿနာဖြစ်လာမှာစိုးလို့ထင်ပါရဲ့။ဘာကြောင့်ဆိုတော့ NDAK ဆိုရင်လည်း လာချိဒ်နဲ့ လော်ဝေါ်မျိုးနွယ်စုတွေက အဓိကဖြစ်နေတယ်။ တန်ဂူးတန်ဆိုရင်လည်း ရဝမ်လူမျိုး ကိုယ်စားပြုသလိုဖြစ်နေတယ်။ လီဆူပြည့်သူ့စစ်လည်း ထိုနည်းလည်းကောင်းပဲ။ ဒါတွေက ကိုယ့်ကချင်တွေထဲက လူမျိုးစုကိုယ်စားပြုသလို ဖြစ်နေလို့ သူတို့အနေနဲ့ လုပ်ရကိုင်ရ ခက်ခဲနေတယ်လို့ သုံးသပ်မိပါတယ်။ဒါကြောင့် KIA အနေနဲ့ ကချင်တမျိုးသားလုံးရဲ့ ကိုယ်စားပြုဖြစ်လာအောင် ကြိုးစားနေတယ်။ KIA စကတည်းက ရဝမ်နဲ့လီဆူတွေက မပါခဲ့သလောက်ပဲ။ ဒါကြောင့်လည်း ထိပ်ပိုင်းရာထူးတွေမှာ သူတို့တွေကို မတွေ့ရခြင်းဖြစ်တယ်။ ဒါကိုပဲ သူတို့တွေကလည်း KIAက ငါတို့လူမျိုးတွေကို နေရာမပေးလို့ ကိုယ်စားမပြုပါဘူးလို့ ပြောလာကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း နားလည်လာတဲ့ ရဝမ်နဲ့ မူလ လီဆူ (ကချင်ပြည်ထဲမှာ ကချင်တွေနဲ့ ဟိုး‌ေရှးယခင်ကတည်းက အတူနေလာခဲ့တဲ့လီဆူ)တချို့ KIAထဲမှာ ပါလာကြပြီ။ သင့်တင့်မျှတတဲ့ လူအင်အားနဲ့ ပါဝင်လာကြပြီဆိုရင်တော့ စောစောကပြောတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ရှင်းလင်းလာကြမယ်ထင်ပါတယ်အချိန်တခုအထိတော့ စောင့်ကြရမှာပေါ့ ” လို့

KIA ဗဟိုနဲ့ နီးစပ်ပြီး ကချင်နိုင်ငံရေးကို လေ့လာသုံးသပ်နေတဲ့ နိုင်ငံရေးသုတေသီတဦးက ပြောပါတယ်။  ဒီလို တိုင်းရင်းသားမျိုးနွယ်တွေအကြား တင်းမာမှုတွေရှိတာကို သိမြင်နေတဲ့  စစ်ကောင်စီတပ်က ခေတ်အဆက်ဆက် တိုင်း ရင်းသားမျိုးနွယ်စုတွေကြားမှာ သွေးခွဲမှုကို ကျင့်သုံးလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီလို့လည်း ကချင်ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက အသုံးချခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့အသီးသီးဟာ  အခုအချိန်ထိလည်း စစ်ကောင်စီအတွက် အသုံးဝင်နေဆဲပါပဲ။

အခု ဦးရွှေမင်းဦးဆောင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီတပ်ကလက်နက်တပ်ဆင်ပေးပြီး KIA တပ်ရင်း (၃) နယ်မြေဘက်ကို အထိုင်ချ အုပ်ချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အပြင် မြစ်ကြီးနား – ဝိုင်းမော် –  ဆဒုံး– ကန်ပိုက်တီ (တရုတ် – မြန်မာကုန်သွယ်ရေးဇုန်လမ်း ) လမ်းတစ်လျှောက်မှာ လီဆူပြည်သူ့ စစ်အင်အား များလာဖို့လုပ်ဆောင်နေတယ်လို့ မဇ္ဈိမက စုံစမ်းသိရှိထားပါတယ်။  အဲ့ဒီအချက်ကလည်း  KIA တပ်ရင်း (၃) နဲ့   လီဆူပြည်သူ့စစ်အဖွဲ့ ပူးပေါင်းပါဝင်နေသော စစ်ကောင်စီတပ်တို့အကြားမှာ တိုက်ပွဲများက ပြင်းထန်ဖြစ်ပွားနေစေတဲ့အကြောင်းရင်းတွေထဲက တချက်ဖြစ်တယ်လို့ ဒေသခံတွေက ယူဆထားပါတယ်။

သမိုင်းတစ်လျှောက် စစ်ကောင်စီတပ်ရဲ့ ဩဇာခံ၊ သစ္စာခံအဖြစ် စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက် လွတ်လပ်မှု အတော်အသင့်ရခဲ့ပေမယ့် လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခင်းအကျင်းအောက်က ပြည်သူ့စစ်တွေရဲ့အနာဂတ်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့  KIO ဗဟိုနဲ့  နီးစပ်တဲ့  ကချင်နိုင်ငံရေးသုတေသီတဦးက မဇ္ဓျိမရဲ့  မြေပြင်သတင်းအဖွဲ့ပြောပါတယ်။

“ကချင်ထဲမှာ ဦးဇခုန်တိန်ယိန်းအဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့တွေက စကစရဲ့ အထောက်အပံ့ကို အဓိကနောက်ခံအနေနဲ့ ယူနေရပါတယ်။ ဒါကြောင့် စကစ အင်အားချည့်နဲ့သွားရင် အလိုလိုနေရင်း အားပျော့သွားနိုင်ပါတယ်။ ဦးဇခုန်တိန်ယိန်းအဖွဲ့၊ ဦးလဆန်အောင်ဝါအဖွဲ့နဲ့ ဦးတန်ဂူးတန်အဖွဲ့တွေက လူမျိုးရေးစကားကို ပြောလေ့ ပြောထမရှိလို့ ပြန်ပြီးပေါင်းစည်းဖို့ ဖြစ်နိုင်ပါတယ်။ လီဆူပြည်သူ့စစ်အဖွဲ့ပဲ ဦးရွှေမင်းလိုလူတွေ ရှိနေသ၍ ပြန်လည်ပေါင်းစည်းဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ လီဆူရေးရာဝန်ကြီးဟောင်း ဦးအတီယောဟန်လိုလူတွေ KIA ဘက်ကို ပါဝင်လာတဲ့အတွက်ကြောင့် လီ ဆူတွေအနေနဲ့ နှစ်ဖွဲ့ကွဲသွားနိုင်ပါတယ်။ လက်ရှိမှာလည်း လီဆူ K-PDF တပ်တွေ ရှိလာပြီဖြစ်လို့ လီဆူပြည်သူ့စစ်တွေအနေနဲ့ အင်အားကြီးထွားလာပြီး လီဆူတမျိုးသားလုံးကို ကိုယ်စားပြုဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ နောက်ပြီးတော့  KIA ရဲ့ လုပ်ကိုင်နိုင်စွမ်း ဘယ်လောက်အထိရှိလဲဆိုတာကို အတိ အကျ ခန့်မှန်းလို့မရတဲ့အတွက်ကြောင့် ယတိပြတ်ပြောဖို့တော့ ခက်ပါတယ်။ ဒါတွေအားလုံးကို အဆုံးအဖြတ်ပေးသွားမှာက ဒီတခေါက်ရဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ် ” လို့ နိုင်ငံရေးသုတေသီက ပြောသည်။

လက်ရှိအခြေနေမှာတော့ ပြည်သူ့စစ်အဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က  အဘက်ဘက်ကနေ ကျဆင်းလာနေပြီဖြစ်သည့်အတွက် ပြည်သူ့စစ်တွေရဲ့ အခန်းကဏ္ဍက ပိုပြီး အခက်အခဲနဲ့ရင်ဆိုင်လာရမယ့် သဘောမျိုးရှိတယ်လို့ နိုင်ငံရေးသုတေသီက သုံးသပ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က တကျော့​ပြန် အာဏာသိမ်းပြီးနောက်ပိုင်း ဘုံရန်သူကိုတိုက်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် တိုင်းရင်းသားမျိုးနွယ်စုတွေအကြားမှာ စည်းလုံးမှုကို စတွေ့လာရပါတယ်။

ဒီလို တိုင်းရင်းသားမျိုးနွယ်စုအကြား စည်းလုံးမှု၊ ပူပေါင်းတိုက်ခိုက်မှုတွေကြောင့် အင်အားရော စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကျဆင်းသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်အင်အားလိုအပ်ချက်ကို ဖြည့်တင်းဖို့ ဦးရွှေမင်းကိုအသုံးချပြီး လီဆူပြည်သူ့စစ်အဖွဲ့ အင်အားစုလာခြင်းဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်က အခုလို မှတ်ချက်ပြုပါတယ်။

“အခုလက်ရှိ စစ်ကောင်စီမှာ စစ်အင်အားမရှိတော့ဘူး။  ပြည်သူရဲ့တုံ့ပြန်မှုအဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့အတွက်မို့ ဦးရွှေမင်းကိုအသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စက စတင်လိုက်တယ်လို့ မြင်သလို တနည်းအားဖြင့် လီဆူလူမျိုးတမျိုးလုံးကို အထင်သေးပြီးမှ လုပ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်” လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်က ပြောသည်။

ဦးရွှေမင်း လုပ်ရပ်က” လီဆူတမျိုးသားလုံးအတွက် ” လို့ ပြောဆိုနေပေမယ့် တစ်ဖက်မှာတော့  ဆန္ဒမပါဘဲ  စစ်သားစုဆောင်းခံနေရတဲ့ လီဆူလူမျိုးစုအကြားဝေဖန်မှု မြှင့်တက်ခဲ့ပြီး ဦးရွှေမင်းရဲ့ ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

လက်ရှိအချိန်မှာတော့  ဦးရွှေမင်းဦးဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး KIA အပါအဝင် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။
ကချင်ပြည်နယ်အတွင်း လီဆူကျေးရွာတွေက လူငယ်တွေကတော့ လီဆူပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် စုဆောင်းမှုက လွတ်မြောက်နိုင်မယ် ယုံကြည်ရတဲ့ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်။

စာတည်း။ ။အောင်ကျော်ဖြိုး