ပလက်ဝကို သူတို့ ဘယ်လိုစွန့်ခွာခဲ့ရလဲ

ဆလိုင်းယောလင်းထန်း

ကိုယ်ရဲ့မွေးရပ်မြေကို ဘယ်သူက စွန့်ချင်မှာလဲ။ ကိုယ့်ရဲ့သားချင်းရုပ်အလောင်းတွေကို ဘယ်မိဘက တခြားဒေသမှာ မြေမြှုပ်ချင်မှာလဲ။ ဒါပေမယ့်လည်း စစ်ပွဲရဲ့အနိဋ္ဌာရုံကြောင့် မိသားစုတွေ သေကွဲ၊ ရှင်ကွဲ ကွဲနေကြရတယ်၊ နေရပ်တွေစွန့်ခွာ လာကြရတယ်။ ကိုယ့်အိုးကိုယ့်အိမ်မှာနေထိုင်တဲ့သူတွေက အခုတော့ စစ်ဘေးရှောင်တွေ ဖြစ်လာရတယ်။ မနက်ဖြန်ကို မသေမချာနဲ့ ဖြတ်သန်းနေရတဲ့သူတွေ ဖြစ်လာတယ်။

ပလက်ဝဆိုတာ တကယ်တော့ နေထိုင်ချင်စရာအကောင်းဆုံးမြို့လေးတခုပါ။ ကုန်းတွင်းပိတ် ချင်းပြည် နယ်မှာ တခုတည်းသော ပင်လယ်ရေကြောင်းထွက်ပေါက်ရှိတဲ့မြို့၊ ချင်းပြည်နယ်ရဲ့ ပထမဆုံး လေယာဉ် ကွင်းရှိတဲ့မြို့။

အပူအပင်ကင်းတဲ့ ဒီမြို့လေးက ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာအနီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာကနေ ချင်းပြည်နယ်ရဲ့မကြားစဖူး စစ်ဘေးရှောင်၊ စစ်ဘေးဒုက္ခသည်စခန်းတွေ ပေါ်လာရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရင်ကအေးချမ်းသာယာခဲ့တဲ့ ချင်းပြည်နယ် မှာ ပလက်ဝတမြို့တည်းစစ်ဘေးရှောင်ရတာမဟုတ်ဘဲ ပြည်နယ်တခုလုံး စစ်ဘေးရှောင်ဘဝ၊ စစ်ဘေး ရှောင်ပြည်သူတွေ ဖြစ်လာခဲ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)က ပလက်ဝနယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာကုန်းတွေ တခုပြီးတခု သိမ်း လာတဲ့အခါမှာ ရွာဖက်ကပြည်သူတွေ ဘေးလွတ်ရာ ပလက်ဝမြို့ပေါ်ကိုတိမ်းရှောင်လာကြပါတော့တယ်။

“ရွာကလူတွေထင်တာက ပလက်ဝမြို့ပေါ်မှာ လုံခြုံစိတ်ချမယ်၊ တိုက်ပွဲမဖြစ်နိုင်ဘူး၊ မြို့သိမ်းတိုက်ပွဲ မဆင်နွှဲနိုင်ဘူးဘဲ ထင်ကြတာ။ ဘာကြောင့်လည်းဆိုတော့ ပလက်ဝနဲ့ကပ်ရပ်မှာရှိတဲ့ တဖက်ကမ်းမှာ ခလရ(၂၈၉) ရှိတယ်၊ စကခ (၁၉) လည်း ရှိတယ်။ အရင်ကဆိုရင် တပ်မ(၁၁)က တပ်မမှူးကိုယ်တိုင် လာ ထိုင်တာ။ ဗိုလ်မှူးချုပ်နှစ်ယောက်တောင်ရှိတယ်ဗျာ။ ဒီလိုနေရာကို AA က သိမ်းမှာမဟုတ်ဘူး။ မသိမ်း နိုင်ဘူးဘဲထင်ကြတာ။ တကယ်တမ်းလည်း AA ကသိမ်းရော မြို့ပေါ်ကနေ ပြေးစရာမရှိတော့ဘူးဖြစ်သွား တယ်” လို့ ပလက်ဝက ထွက်ပြေးလာသူတဦးက ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ အိမ်ရှင်ထက်ဧည့်များဆိုသလို ဒေသခံတွေထက် တိုက်ပွဲတွေပြင်းထန်လာလို့ မြို့နယ် အတွင်းမှကျေးရွာတွေက သောင်းနဲ့ချီတဲ့ပြည်သူတွေ မြို့ပေါ်ကိုခိုလှုံလာကြတာဖြစ်ပြီး မြို့လူဦးရေရဲ့ သုံးပုံတပုံခန့် စစ်ဘေးရှောင်တွေနဲ့ ပြည့်နှက်နေတာလည်းဖြစ်ပါတယ်။

“၂၀၂၃ နှစ်ကုန်ကစပြီး တောဘက်(အေအေ)က သတင်းပေးလာတယ်။ မြို့သိမ်းတော့မယ်နော် ရှောင် ကြတော့၊ ရှောင်ကြတော့ဆိုပြီးပြောလာတော့ ငွေရှိတဲ့သူတွေက စစ်တွေကိုရှောင်ကြတယ်။ တချို့ကျ တော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို ရှောင်ကြတယ်။ တချို့ကတော့ မရှောင်နိုင်ကြဘူးလေ။ တယောက်ကို သိန်း ၂၀ လောက်ကုန်တယ်” လို့လည်း စစ်ဘေးရှောင်တဦးက ဆိုပါတယ်။

ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်တဲ့အချိန်ကစလို့ ရေလမ်း၊ ကုန်လမ်းတွေ အားလုံးပိတ်သွားပြီး ကုန်းတတန်၊ ရေတတန် အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ စစ်ရှောင်ရတာဖြစ်ပါတယ်။

အရင်က ကျောက်တော်-ပလက်ဝကို ဇက်ရေယာဉ်ပုံမှန်ဆွဲပေးတယ်။ တယောက်ကို ၁,၈၀၀ ပဲပေးရ တယ်။ အခုတော့ စက်လှေငယ်လေးတွေကို တယောက် ၆၀,၀၀၀ ပေးရတယ်။ ဆာလအိတ်တအိတ်ကို ထမ်းခ ၈၀,၀၀၀ ပေးရတယ်။ ဒါတောင် ကျေးရွာချင်းဆက်လမ်းတွေဆိုရင် လူကယ်ရီနဲ့ ထမ်းခိုင်း၊ အသက် ကြီးတဲ့လူကြီးတွေဆိုရင် ထမ်းစင်နဲ့ ထမ်းခိုင်းရတာ ၁၀၀,၀၀၀ ကျော်ပေးရတယ်။ ကျွန်မတို့ မိသားစုဆိုရင် ပလက်ဝကနေ ဇန်နဝါရီ ၄ ရက်နေ့မှာစပြီးတော့ ပြေးလာတာ။ ကျွန်မတို့စီးတဲ့လှေက ပလက်ဝကို နောက်ဆုံးစွန့်ခွာတဲ့လှေပဲ၊ ကုလားတန်မြစ်ကြောင်းအတိုင်းမသွားဘဲ ချောင်းရိုးတွေအတိုင်း သွားတယ်။ တောင်ပေါ်တောလမ်းတွေကနေ အထမ်းနဲ့တက်ရတယ်။ ကျောက်တော်အရောက် သိန်း ၂၀ လောက် ကုန်သွားတယ်” လို့လည်း အမျိုးသမီးတဦးကဆိုပါတယ်။

တချို့ စစ်ဘေးရှောင်တွေထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေပါလာပြီး လမ်းခရီးမှာ ဆုံးပါးသွားတဲ့ဖြစ် စဉ်တွေရှိခဲ့ပြီး သူတို့ဆိုရင် တယောက်ကို သိန်း ၃၀ ကျော်လောက်အထိ ငွေကြေးကုန်ကျခဲ့ရတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ပလက်ဝကနေစထွက်တယ်၊ ကျောက်တော်မရောက်ခင် ရခိုင်ရွာတွေ အများကြီးရှိတယ်။ ဒီရွာကနေဟို ဘက်ရွာအထိ လှေနဲ့သွား။ တခါ နောက်တရွာကို အဲဒီရွာကနေ လှေနဲ့ပြန်သွားရတယ်။ လူမမာတွေဆိုရင် လေးယောက် ထမ်းစင်နဲ့သယ်ခိုင်းရတယ်။ တယောက်ကို ၅၀,၀၀၀ ပေးရတယ်။ အဲဒီမှာ ကျန်းမာရေး မကောင်းတဲ့သူတွေက လမ်းခရီးဒဏ်မခံနိုင်လို့ ဆုံးပါးသွားတော့ မြေမြှုပ်သင်္ဂြိုဟ်ရတာတွေရှိတယ်။ ဒီလို စစ်ဘေးရှောင်တွေကိုလည်းတွေ့ခဲ့ရတယ်” လို့ စစ်ဘေးရှောင်လာကြတဲ့သူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့ပေါ်မှာ အရင်ထဲကရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၇,၀၀၀ ကျော် နေရပ် မပြန်နိုင်သေးဘဲရှိနေပြီး မြို့ပေါ်ကလူတချို့ကတော့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ပြီး ငွေကြေး မတတ်နိုင်တဲ့သူတွေသာ မြို့ပေါ်မှာကျန်ခဲ့တာဖြစ်ပါတယ်။

“လက်ထဲမှာငွေ ၅၀၀,၀၀၀ အထက် မရှိတဲ့သူတွေကတော့ ပလက်ဝမှာ ကျန်ခဲ့ကြတယ်။ မြို့ပေါ်က ထွက် သွားတဲ့ သူတွေကတော့ ငွေ ၅၀၀,၀၀၀ အထက်ရှိတဲ့သူတွေလို့ ပြောရမယ်။ သူတို့တွေ ဘယ်လို စားသောက်ပြီး ရပ်တည်ရှင်သန်ကြမလဲတော့ မသိဘူး၊ ပလက်ဝမှာ စားစရာရိက္ခာလည်း မရှိတော့ဘူး၊ လမ်းတွေလည်းပိတ်နေတယ်၊ ဘာဆိုဘာမှ မရှိတော့ဘူး၊ ဒါကိုဘယ်သူတာဝန်ယူမလဲ မသိတော့ဘူး၊ ရက္ခိုင့်တပ်တော်(AA)ကပဲ စီစဉ်ပေးမလား၊ မစဉ်းစားတက်တော့ဘူး” လို့လည်း စစ်ရှောင်တဦးကဆိုပါ တယ်။

ဇန်နဝါရီ ၁ ရက်နေ့ကစတင်ခဲ့တဲ့ ပလက်ဝမြို့သိမ်းတိုက်ပွဲက ၁၀ ရက်အကြာ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၇ နာရီမှာတော့ ရက္ခိုင့်တပ်တော်(AA)က မြို့ကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။