ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထွက်ပေါက်ရှာလာကြသူများ

ကီရာ

(မဇ္ဈိမ)။ ။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု အသက်သွင်းလိုက်ပြီးနောက် လူငယ်၊ လူလတ်ပိုင်းများနှင့် ၎င်းတို့ရှိသည့် မိသားစုများမှာ စိတ်ဖိစီးမှုများ ခံစားလာရသည်။

ထိုဥပဒေမှ ရှောင်လွဲရန် တတ်အားသမျှ နည်းလမ်းများရှာဖွေနေကြပြီး စစ်ကောင်စီကို မကျေနပ်ကြောင်း ဝေဖန်သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။

လက်ရှိတွင် စစ်မှုထမ်းရန် လာရောက်မေးမြန်းစုံစမ်းသူ များပြားလာကြောင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးရဲဘော်များနှင့် တော်လှန်ရေးအတွင်း တက်ကြွစွာပါဝင်နေသူများက ပြောသည်။

“၂၄နာရီလောက် ကာလလေးအတွင်းမှာတင် ပြည်သူ့ရင်ခွင်ကို လာမေးကြတာ မက်ဆေ့ပေါင်းထောင်ကျော် ၊ တခြား လူပုဂ္ဂိုလ်အသီးသီးမှာလည်း ဒုနဲ့ဒေး”ဟု ဒေါက်တာဖြိုးသီဟက ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။

စုံစမ်းမေးမြန်းသူများတွင် မကြာခင် အသက် ၁၈ နှစ်ပြည့်တော့မည့် သူများပါ ရှိနေကြောင်း အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ဦးအောင်နိုင်သူက ပြောသည်။

“ အခုလာရောက်ပြီး ချိတ်ဆက်လာသူတွေထဲက အသက်၁၈ မပြည့်တာကိုတော့ မခေါ်တော့ပါဘူး။ အဲ့လို အသက်မပြည့်တာတွေလည်း လာချိတ်ဆက်ကြလို့ပါ။ စကစရဲ့ ခေါ်ယူမှုနဲ့ အကျုံးဝင်တဲ့သူတွေကိုခေါ်ပါမယ်” ဟု ၎င်းကဆိုသည်။

စစ်တိုက်ရမည့်အတူတူ ပြည်သူနှင့် တသားထဲရှိသည့် PDF အဖွဲ့ထဲဝင်ကာ စစ်တိုက်မည်ဟု ဆုံးဖြတ်ချိတ်ဆက်လာသည့် လူငယ်များ အမြောက်အမြားရှိလာကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ထိုဆုံးဖြတ်ချက်သည် တော်လှန်ရေးအရှိန်ကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း KNU တပ်မဟာ (၆) မှ ရဲဘော်တဦးကဆိုသည်။

သို့သော် ၎င်းက “ကျွန်တော်တို့ လူထုအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ မြို့ပေါ်မှာ အဲ့လို ပြဿနာတွေဖြစ်လာတော့ လူတွေက အခက်အခဲတွေ ဖြစ်ကြပြီပေါ့လေ ။ ကျွန်တော်တို့ဘက်မှာ အရှိန်တွေ ကောင်းလာပေမယ့်လည်း ပြည်သူတွေဘက်မှာ အများကြီး ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ကျွန်တော်က ခံစားရတယ်။ တော်လှန်ရေးအတွက်တော့ အားပိုရှိတာပေါ့” ၎င်းကဆိုသည်။

တော်လှန်လိုစိတ်ရှိသော်လည်း မိသားစုကို ထောက်ညှာနေရသူများသည်လည်း လက်ရှိအခြေအနေအရ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လာရတော့မည်ဖြစ်ကြောင်း ထိုရဲဘော်ကဆိုသည်။

မဝေဝေကလည်း ထိုဥပဒေအကြောင်း ကြားသိရသည်နှင့် တစ်ပြိင်နက် အမျိုးသားညီညွှတ်ရေးအစိုးရ အပါအဝင် လက်လှမ်းမှီသမျှ တော်လှန်ရေးအဖွဲ့များကို ဆက်သွယ်ခဲ့သည်ဟု ပြောသည်။

“စစ်မှု မထမ်းမနေရ ဥပဒေကို အတင်းအကျပ် လုပ်ဆောင်လာခဲ့ရင် သူတို့ စစ်တပ်ထဲ မဝင်ချင်သူတွေအတွက် လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲလို့ အစ်မက NUGနဲ့ တော်လှန်ရေးအဖွဲ့တွေကို ချက်ချင်း သွားမေးထားလိုက်ပြီ”ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ လွတ်မြောက်နယ်မြေများသွားရောက်ရန် ကြိုးစားလာသူများရှိသလို တဖက်တွင်လည်း ပြည်ပရောက် မြန်မာများက မိသားစုဝင်များကို ၎င်းတို့ရှိရာသို့ နည်းလမ်းမျိုးစုံဖြင့် ခေါ်ဆောင်နိုင်ရန် ကြိုးစားလာကြသည်။

အလည်ဗီဇာ၊ ကျောင်းဗီဇာနှင့် အလုပ်အကိုင်ဗီဇာ စသည်ဖြင့် ဘက်ပေါင်းစုံမှ ကြိုးစားနေကြခြင်းဖြစ်သည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ ဂရုတခုတွင် အလည်ဗီဇာဖြင့် ခေါ်ယူပြီးနောက် နိုင်ငံရေးဗီဇာ ရယူနိုင်ရန် လမ်းကြောင်းများကို မေးမြန်းထားကြပြီး အကျိုးဆောင်ပွဲစားများကလည်း ဆောင်ရွက်ပေးနိုင်ကြောင်း ဖြေကြားထားသည်ကို မြင်တွေ့ရသည်။

ယခင်က ပြည်ပတွင် ပညာသင်ယူရန် စိတ်မဝင်စားသူများပင် အိမ်နီးချင်းအာရှနိုင်ငံများ၌ ပညာသင်ယူရန် စုံစမ်းလာကြပြီး အနီးစပ်ဆုံးထိုင်းနိုင်ငံတွင် တက်ရောက်ရန်လည်း တိုက်တွန်းပြောဆိုမှုများကို လူမှုကွန်ရက်တွင် မြင်တွေ့လာရသည်။

တဖက်တွင်လည်း ပြည်ပနိုင်ငံများတွင် အလုပ် သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြသူများမှာ စိတ်ပူပန်နေကြသည်။

“ ကျွန်တော် ပြည်သူရင်ခွင်နဲ့တော့ စကားတော့ ပြောထားကြည့်တယ်။ တကယ်လို့ မဖြစ်မနေ သူတို့ခေါ်တာကို ပါသွားခဲ့ရင်လည်း ဘာတွေဆက်လုပ်ရမလဲဆိုတာကို တိုင်ပင်နေတယ်။ မဖြစ်မနေ ဝင်လိုက်ရရင် ဘယ်လိုလုပ်ရမလည်း မသိသေးဘူး။ ဒါပေမဲ့ တစ်ခုခုဆိုရင် ကျွန်တော်ကတော့ သူတို့ကို ပြန်ပစ်မှာ “ဟု ကိုရီးယားတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ အမျိုးသားတဦးက ဆိုသည်။

ဂျပန်တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဥ်နေသူ မမိုးမိုးကလည်း “ အပြင်ထွက်အလုပ်လုပ်လို့မရအောင် သူတို့က ညစ်ထားမှာစိုးတယ်။ ကျွန်မက သွားရခါနီးနေပြီ။ လေယာဥ်လက်မှတ်တွေပေးမရောင်းတာတွေ ဘာတွေရှိလာနိုင်မလား တွေးပူနေတယ် ” ဟု ပြောသည်။

စစ်ကောင်စီကို ဆန့်ကျင်ကြသူများသာမက စစ်ကောင်စီဘက်တော်သားများမှာလည်း စိတ်ပူနေကြရသည်။

“ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေ စစ်တပ်ထဲ မဖြစ်မနေမလို့ ရောက်လာရင်တော့ သူခိုးဓားရိုးကမ်းသလို ဖြစ်မှာပဲ ” ဟု စစ်ကောင်စီထောက်ခံသူတဦးက ပြောသည်။

စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ကို စစ်ကောင်စီထောက်ခံသူများကပင် ဝေဖန်ပြောဆိုနေကြသည်။

စစ်ကောင်စီတပ်သား များကလည်း “ သူတို့ စစ်တပ်ထဲ ဝင်ပြီဆိုရင် ကျွန်တော်တို့က ထွက်လို့ရပြီလား “ ။ “ ပွဲဆူအောင်လုပ်တဲ့အထဲ အဘအတော်ဆုံးပဲ” ၊ “ စစ်သားကို မုန်းသူများ စစ်မှုထမ်းရတော့မည် “ စသည်ဖြင့် လူမှုကွန်ရက်တွင် ရေးသားထားပြီး စစ်မှုထမ်းဟောင်းအချို့ကလည်း လိုအပ်လျှင် ၎င်းတို့ကိုသာ ခေါ်ယူရန် ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။

“ ၄၅၇၁၅၇ စစ်မှုထမ်းဟောင်းပါ ။ အသက်က ၆၇နှစ် လိုအပ်ရင် ခေါ်ရန်”ဟု ဦးထွန်းဆိုသူမှ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားခဲ့ပြီး ဦးငြိမ်းဆိုသူမှလည်း “ ၄၂၉၁၄၉ပါ အရန်တပ်အတွက် လိုရင်ခေါ်ပါ”ဟု ရေးသားထားသည်ကိုတွေ့ရသည်။

စစ်မှုမထမ်းလိုသူအချို့ကလည်း သာသနာ့ပြုရန် နှင့် အိမ်ထောင်ပြုရန်အထိပါ ထည့်သွင်း စဉ်းစားနေကြသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“ အစ်မက အခု အသိသူငယ်ချင်းတွေကို အကူအညီတောင်းပြီး ဟန်ဆောင် လက်ထပ်ဖို့ကိုတောင် စဉ်းစားနေရပြီ”ဟု ပြည်တွင်းရှိ အမျိုးသမီးတဦးက ၎င်း၏အတွေးကို ပြောသည်။

တော်လှန်ရေးအဖွဲ့များနှင့် NUG ကလည်း တပ်သားသစ်ခေါ်ယူကြောင်း ယခုရက်ပိုင်းအတွင်း အသီးသီးကြေညာထားကြသည်။

တပ်သားသစ် ခေါ်ယူနေကြောင်း လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည့် တော်လှန်ရေးတပ်ဖွဲ့များမှာ ရှမ်းတောင် တပ်ရင်း၊ ရွေဘိုခရိုင်တပ်ရင်း ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေး၊ အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၊ ကျားဖြူစစ်ကြောင်း ၊ Cobra Column 2 Venom ၊ ကရင်နီရှေ့တန်းဆေးတပ်ဖွဲ့၊ သာယာဝတီခရိုင်တပ်ရင်း၊ နွေဦးကျန်းမာရေးဆေးရုံ ၊ ရန်ကုန်တိုင်းစစ်ဌာန အစရှိသဖြင့် ဒေသအသီးသီး အဖွဲ့အအစည်းအသီးသီးအတွက် ခေါ်ယူနေကြပြီး တချို့ဒေသများတွင် ဒေသတခုထဲရှိ တပ်ရင်း အမှတ်စဉ်အမျိုးမျိုးမှ ခေါ်ယူနေကြသည်ကိုလည်း တွေ့ရသည်။

မဇ္ဈိမ၏ စာရင်းပြုစုချက်အရ တပ်သားသစ် လက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည့် တော်လှန်ရေးအဖွဲ့အစည်းများမှာ ၁၅ ဖွဲ့ဝန်းကျင်ရှိနေသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်တွင် စစ်မှုထမ်းရမည့် အသက်အရွယ်အနေဖြင့် အမျိုးသားအသက် ၁၈နှစ်ပြည့်ပြီး ၃၅နှစ် မကျော်သေးသူ၊ အမျိုးသမီး အသက်၁၈နှစ်ပြည့်ပြီး ၂၇နှစ် မကျော်သေးသူ ဖြစ်ရမည်ဖြစ်ကြောင်း ပါရှိသည့်အပြင် ကျွမ်းကျင်ပညာရှင်တွေအနေနဲ့လည်း အမျိုးသား အသက်၁၈နှစ်ကနေ ၄၅နှစ်အတွင်းနှင့် အမျိုးသမီး အသက်၁၈နှစ်ကနေ ၃၅နှစ် မကျော်သေးသူတွေအားလုံး စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ညွှန်ပြထားသည်မှာ သူတို့ယခင်က ရေးဆွဲထားသည့် ပြည်သူ့စစ်မဟာဗျုဟာကို ပြန်လည်အကောင်အထည်ဖော်တာဖြစ်ပြီး အမျိုးသားစစ်မှုမထမ်းမနေရစနစ် မဖြစ်မနေ ကျင့်သုံးတော့မှာဖြစ်ကြောင်း ဆိုထားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး