နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှဥ်းပန်းမှုများအတွက် တောင်းပန်ရန် မုံရွာထောင်အာဏာပိုင်များကို လူထုသပိတ်တောင်းဆို

ပုံအညွှန်း – မုံရွာအကျဥ်းထောင်

ပါခွီး(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာထောင်တွင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများကို နှိပ်စက်ညှဥ်းပန်းမှုများရပ်တန့်ရန် နှင့် ထိုဖြစ်ရပ်များအပေါ် ထောင်အာဏာပိုင်များက တောင်းပန်ရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာလ၁၅ရက်နေ့တွင်ထုတ်ပြန်သည်။

လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက မုံရွာထောင်တွင် ထောင်ဝင်စာကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဥ်းသားများက အစာငတ်ခံဆန္ဒပြခဲ့ရာ ထောင်အာဏာပိုင်များက လိုက်လျောခဲ့သည်။ ယင်းနောက် ထိုထောင်အာဏာပိုင်များနေရာတွင် အသစ်ရောက်ရှိလာသည့် တာဝန်ခံအရာရှိ ဇော်မြင့်ဦးနှင့် ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းတို့သည် နိုင်ငံရေးအကျဥ်းသားများအား စိတ်ပိုင်းဆိုင်ရာ ညှဥ်းဆဲလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဆိုသည်။

တနင်္လာနေ့တိုင်းပြုလုပ်လေ့ရှိသည့် ထောင်ပိုင်တန်းစီတွင် အိပ်ဆောင်အတွင်းသို့ ထောင်ပိုင်လာရောက်ချိန်တွင် “မင်္ဂလာပါ” ဟု မနှုတ်ဆက်သည့်အတွက် ကွင်းပြင် တွင် ပုံစံထိုင်ခိုင်းကာ ညစ်ညမ်းစွာဆဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ထောင်တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများသည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်ချိန်တွင် အကျဥ်းသားများ၏ အိပ်ယာ ၊ စောင် နှင့် အဝတ်အစားများပေါ်သို့ ၎င်းတို့၏ ဖိနပ်များဖြင့် တက်နင်းခဲ့ကြောင်းသိရသည်။

ယင်းအခြေအနေများကို ဆက်လက်မပြုလုပ်ရန် နိုင်ငံရေးအကျဥ်းသားများက ဦးဆောင်၍ ထောင်အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသားများကို ထောင်ပိုင်ရုံးခန်းကို တဦးချင်းခွဲခေါ်ကာ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

မုံရွာလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင်ကိုလည်း “မကြာခင် မင်းအလှည့်လာမယ်” ဟု ပြောဆိုပြီး “မင်းတို့တွေကို ဘောပင်လေးတချက်လှည့်ပြီး ဒုက္ခပေးလို့ရတယ်” ဟု ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းက ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ထောင်အာဏာပိုင်တွေရဲ့ကျူးလွန်မှုနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့ ကြေညာချက်ထုတ် ပြီး သတိပေးတယ် ။ ဆက်လက်ပြီးလုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုကိုပိုမိုသိရှိ အောင်အသိပေးပြီး ပါဝင်လာနိုင်မယ့် ကမ်ပိန်းများလုပ်ဆောင် သွားဖို့ရှိပါတယ်။ ဒါမှမရပ်တန့်ဘဲ ဒီထက်ပိုဆိုးလာမယ်ဆိုရင်အမျိုးသားညီညွတ် ရေးအစိုးရရဲ့ တရားစီရင်ရေးကဏ္ဍကို တိုင်တန်းတာမျိုးတွေ လုပ်ဆောင်ဖို့ရှိပါမယ်” ဟု မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့် က မဇ္စျိမ ကိုပြောသည်။

မတရားဖမ်းဆီးပြီး စိတ်ပိုင်း ၊ရုပ်ပိုင်း နှိပ်စက်ညှဥ်းပန်းမှုများသည် အကျဥ်းထောင် လက်စွဲပါ ဥပဒေ ၊ နည်းဥပဒေများကို ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့သော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ အမြဲမပြတ်စောင့်ကြည့်နေပြီး လှုပ်ရှား တုံ့ပြန်မှုများလုပ်ဆောင်သွားကြရန် တိုက်တွန်းလိုကြောင်း ကိုရှင်းသန့်က ဆက်ပြောသည်။

ထောင်တွင်းဖြစ်ပျက်နေသော အခြေအနေများမှာ တိကျခိုင်မာ‌ေသာ သတင်းအချက်အလက်များဖြစ်ကြောင်း အာမခံနိုင်သော်လည်း သတင်းအရင်းအမြစ်ကိုမူ လုံခြုံရေးအရ ပြောဆိုနိုင်ခြင်းမရှိကြောင်း ဆိုသည်။

မုံရွာထောင်အတွင်း အမိန့်ချမှတ်ပြီး နိုင်ငံရေးအကျဥ်းသား ကျား,မ စုစုပေါင်း ၃၁၅ယောက် ရှိပြီး တရားရင်ဆိုင်နေဆဲ ၂၂၉ယောက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်‌ေကာင်စီတပ် တိုင်းပြည်အာဏာသိမ်းပြီချိန်မှစ၍ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်း ခံရသူ နိုင်ငံရေးအကျဥ်းသား ၂၅,၄၈၄ဦးရှိပြီး လက်ရှိ ၁၉,၇၀၉ဦး ထိန်းသိမ်းခံရဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး