မုံရွာတွင် စစ်ကောင်စီတပ်စွဲထားသည့်ရပ်ကွက်ရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

Golden Eagle Force – Monywa တပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – Golden Eagle Force – Monywa

ပါခွီး(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နတ်လူ့ထိပ္ပန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသည်ဟု Golden Eagle Force – Monywa အဖွဲ့တာဝန်ရှိသူထံက သိရသည်။

မုံရွာမြို့ နတ်လူ့ထိပ္ပန်ရပ်ကွက်ရုံးတွင် အင်အား ၁၅ ဦးဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၁၆ ရက် ည ၇ နာရီတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရပ်ကွက်ရုံးနားကို အနီးကပ်သွားပြီးပစ်ခဲ့တာပါ၊ စခ(စစ်ကောင်စီတပ်သား)သေဆုံးတဲ့ အကြောင်းကို တော့ ဆေးရုံသတင်းအရင်းမြစ်ဆီက ပြန်သိရတာပါ” ဟု Golden Eagle Force အဖွဲ့ဦးဆောင်သူ ဗိုလ်လင်းယုန်က မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့သော် လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force နှင့်အတူ မြို့ပြ UG အဖွဲ့တခုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယင်းနေ့ ည ၇နာရီ ၃၀မိနစ်အချိန်တွင် မုံရွာ-မန္တလေးလမ်းဘေး စက်မှုဇုံလမ်းခွဲ အထက်တန်းကျောင်း တွင် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဗိုလ်လင်းယုန် က ဆက်ပြောသည်။

Golden Eagle Force တပ်ဖွဲ့သည် မုံရွာမြို့အခြေစိုက် ခလရ(၁၆) တပ်ရင်းဂိတ်ကို ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

မုံရွာမြို့၌ စစ်ကောင်စီတပ်က မြို့အစွန်များတွင် ဂိတ်များချထားပြီး ပတ်ကင်းများ နေ့ညမပြတ်လှုပ်ရှား နေပြီး အစစ်အဆေးတင်းကျပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူက ရှင်းပြသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီဂိတ်စခန်းများနှင့် တတ်နိုင်သမျှ ဝေးဝေးမှရှောင်ဖယ်သွားလာခြင်း ဖြင့် တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ပေးကြပါရန်လည်း Golden Eagle Force အဖွဲ့က မေတ္တာရပ်ခံ ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ