ဖလမ်းမြို့ပေါ် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးသေဆုံး

CNDF ရဲမေများ/ဓါတ်ပုံ – CNDF

ပါခွီး(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့ပေါ်တွင် ပြောက်ကျားစစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီး ရဲလင်းသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမ ကိုပြောသည်။

ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၈ ရက် မနက် ၁၀ နာရီတွင် သွားရောက်ပစ်ခတ်သော်လည်း ထိရောက်မှုမရှိဘဲ နေ့လယ် ၁နာရီအချိန် လမ်းဆုံ၌ ထပ်မံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးသေဆုံးသွားခြင်းဖြစ်သည်။

“ပစ်ခတ်ချိန်သိပ်မကြာပါဘူး ၊ လျှပ်တပြက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိမှန်ပြီး ချက်ခြင်းပြန်ဆုတ်ခွာခဲ့တာပါ ၊ အမှည့်ချွေသဘောနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါလမ်းဆုံတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားခြင်းမျိုးမဟုတ်ဘဲ မြို့ထဲတွင် လှည့်ပတ်ကာ ကင်းလှည့်နေကြောင်း ညပိုင်းအချိန်တွင် ထွက်လေ့မရှိသဖြင့် နေ့ခင်းဖက်တွင် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါသေဆုံးသည့် စစ်ဗိုလ်မှာ မြို့တွင်းရှိ ပြည်သူများကို အဓမ္မအနိုင်ကျင့် လုပ်ဆောင်မှုများကို ဦးဆောင်လုပ်ကိုင်နေသဖြင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း Salai Cung Ngai က ဆက်ပြောသည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးရဲလင်းသည် လွန်ခဲ့သည့် ဧပြီလ ၁၀ရက်နေ့က ဗားရ်းစခန်းကို CNDF က သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်စခန်းထိုင်သည့် ခေါင်းဆောင်ဖြစ်ကာ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ယင်းစခန်းကို စွန့်ခွာပြီး ဖလမ်းမြို့ပေါ်သို့ ဆုတ်ခွာခဲ့သူဖြစ်သည်။
ကလေးမြို့မှ ချင်းပြည်နယ်သို့လာရောက်သည့် ကလေး – သိုင်းငင်းလမ်းကို စစ်ရေးအရ ဒေသခံကာကွယ်ရေးတပ်မှ ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် ကလေး – ဖလမ်း – ဟားခါးလမ်းကို ပြည်သူများမှ အသုံးပြုနေပြီး ဖလမ်းမြို့အတွင်း ဖြတ်သန်းသွားလာသည့် ကားကြီးများကို ငွေသိန်းချီတောင်းခံနေပြီး ကားငယ်များနှင့် မြို့တွင်းကားများကို စစ်ကောင်စီတပ်က လိုသလိုအသုံးချနေကြောင်း သိရသည်။

ယင်းသို့ ပြည်သူများအပေါ် အဓမ္မအနိုင်ကျင့်မှုများကို ယခုသေဆုံးသွားသည့် ဗိုလ်ကြီးရဲလင်းမှ ဦးဆောင်ကာပြုလုပ်နေခြင်းဖြစ်ကြောင်းဆိုသည်။

CNDF အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားရန်အစီအစဥ်ရှိပြီး ပြည်သူများကို မထိခိုက်စေရန် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်သဖြင့် အစိုးရိမ်မလွန်ကြရန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

တဆက်တည်း Non CDM များကို အရေးယူရန် လုပ်ဆောင်သွားမည်ပြီး မြို့တွင်းမှ မြို့ပြင်ထွက်လာသည်နှင့် ဖမ်းဆီးသွားမည်ဖြစ်သဖြင့် အမြန်ဆုံးCDM ပြုလုပ်ကြရန် CNDF ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောကြားခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)