ကောင်းခါးပြည်သူ့စစ် KIAထံ အလင်းဝင်

ပုံအညွှန်း-2016 ကောင်းခါးပြည်သူ့စစ် စစ်ရေးပြအခန်းအနားက /ဓာတ်ပုံ-KDA

009
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀၂၃ခုနှစ် ပထမပတ်အတွင်း ကချင်တပ်မတော် (KIA)ထံ အလင်းဝင်ခဲ့‌ကြောင်း ကောင်းခါးရွာ‌‌ ဒေသခံများက ပြောသည် ။

ကောင်းခါးပြည်သူ့စစ်သည် ကွတ်ခိုင်မြို့အရှေ့ဘက် မိုင် ၂၀ခန့် အကွာရှိ ကောင်းခါးကျေးရွာ ‌အခြေစိုက် Kachin Defence Army (KDA) ၏ အသွင်ပြောင်း ပြည်သူ့စစ်ဖြစ်သည်။

ထိုသို့ အလင်းဝင်ရန် KIA က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ ၁,၀၀၀ ရှိ ကောင်းခါးကျေးရွာနှင့် အနီးတစ်ဝိုက်ကို KIA က နယ်မြေစိုးမိုးနေပြီဖြစ်ကာ ရွာအဝင်နှင့် တမိုင်ခန့်အကွာ ဟူးနမ့်ကုန်းတပ်စခန်းတွင် အထိုင်ချနေကြောင်း သိရသည်။

” ကောင်းခါးပြည်သူ့စစ်က KIAရဲ့ ခွဲထွက်ဆို‌တော့ အလင်းဝင်သွားတာ မဆန်းပါဘူး။ သူတို့ကြားမှာ ဘယ်လိုညှိလိုက်လဲဆိုတာတော့ မသိရဘူး။ အခု ကောင်းခါးကိုတော့ KIAက ထိန်းချုပ်တာ”ဟုကောင်းခါးပြည်သူ့စစ်နှင့် နီးစပ်သူ ကောင်းခါးရွာခံ အမျိုးသမီးတဦးက ယနေ့ မနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ KIA က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မဇ္ဈိမအနေနှင့်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ကောင်းခါးပြည်သူ့စစ် လှုပ်ရှားရာဒေသသည် မြောက်ပိုင်းညီနောင်မဟာမိတ် ဖော်ဆောင်နေသည် ၁၀၂၇ စစ်ဆင်ရေးနယ်မြေများထဲ ပါဝင်နေပြီး ၎င်းတို့၏ တပ်စခန်းနှင့် နယ်မြေများ သိမ်းပိုက်ခံရမည်ကို စိုးရိမ်၍ ထိုသို့ အလင်းဝင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ နောက်တဦးကဆိုသည်။

ကောင်းခါးပြည်သူ့စစ်သည် ကွတ်ခိုင်မြို့နယ်ရှိ ကောင်းခါးဒေသ၊ လွယ်ခန်ဒေသ၊ မန်ပြိန်းဒေသနှင့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ် ၊ ဂျာယာန်ဒေသ ဟူသော ဒေသလေးခုကို အခြေပြု ဖွဲ့စည်းထားပြီး ဂျာယာန်ပြည်သူ့စစ်တပ်စခန်းကို TNLA က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်အာဏာမသိမ်းခင် ၂၀၂၀ ဧပြီလက ကောင်းခါးဒေသအတွင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံ တန်ဖိုးစုစုပေါင်း ကျပ်ငွေ ၃၉၃ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများကို စစ်ကောင်စီက သိမ်းဆည်းခဲ့ပြီး ဒေသတွင်းနိုင်ငံများကို ပြသခဲ့ရာ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့သည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ နာမည်ဆိုး ကျော်ကြားခဲ့သည်။

ရှမ်းမြောက်အခြေစိုက် KIA တပ်မဟာ (၅)မှ ဗိုလ်ဗှူး ဦးမထုနော် ဦးဆောင်သည့် အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် နဝတ အစိုးရဖြင့် ငြိမ်းချမ်းရေးယူပြီး KDA ကို ဖွဲ့စည်းခဲ့ကာ ၂၀၁၀ ခုနှစ်မှာ ကောင်ခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည်။ လက်ရှိအချိန်ထိ KDA ဌာနချုပ်ရုံးသည် ကောင်းခါးကျေးရွာတွင် တည်ရှိနေဆဲဖြစ်သည်။

ကွတ်ခိုင်မြို့ပေါ်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် TNLAနှင့် MNDAAတို့သည် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ရေး လက်ကျန် ကွတ်ခိုင်ဗျူဟာတပ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး