အမေရိကန်နှင့် ကမ္ဘောဒီးယားတာဝန်ရှိသူများ မြန်မာ့အရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုလက်ထောက်ဝန်ကြီး မယ်လစ်ဆာ ဘရောင်း(လယ်)အား ဒီဇင်ဘာ ၁၅ ရက်က ဖနွမ်းပင်တွင် ပြုလုပ်သည့် စာနယ်ဇင်း စားပွဲဝိုင်း ဆွေးနွေးပွဲတွင် မြင်တွေ့ရစဉ် / Photo: U.S. Embassy Phnom Penh, Cambodia

The Phnom Pehn Post – မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုအဖြစ် အမေရိကန်နှင့် ကမ္ဘောဒီးယားတာဝန်ရှိသူများသည် မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေရှာနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုလက်ထောက်ဝန်ကြီး မယ်လစ်ဆာ ဘရောင်းက ကမ္ဘောဒီးယားခရီးစဉ်အတွင်း သူမနှင့် ကမ္ဘောဒီးယားတာဝန်ရှိသူများသည် အာဆီယံဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဒီဇင်ဘာ ၁၅ ရက်က သတင်းထောက်များကို ပြောသည်။

ဘရောင်းသည် ဒီဇင်ဘာ ၁၄ ရက်က ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ဆော့ခ် ချန်ဒါ ဆိုဖီး၊ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ ပထမဒုဥက္ကဋ္ဌ၊ ဒုဝန်ကြီးချုပ် ဆွန် ချိန်သောလ် တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ဆွေးနွေးမှုတွေမှာ မြန်မာအကျပ်အတည်းလိုမျိုး ကိစ္စတွေပါဝင်ခဲ့တယ်။ မြန်မာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် ကျွန်မတို့ ဘယ်လိုမျိုး အတူတကွ လုပ်လို့ရနိုင်မလဲ ဆိုတာနဲ့ အပြုသဘောဆောင်တဲ့ ပုံစံနဲ့အတူ အာဆီယံနဲ့ ကျွန်မတို့ အတူတကွ ဆက်လုပ်နိုင်စေဖို့ ဆိုတာတွေကို ဆွေးနွေးခဲ့တယ်” ဟု ဖနွမ်းပင်ရှိ အမေရိကန်သံရုံးက စီစဉ်သည့် မီဒီယာဆွေးနွေးပွဲတခုအတွင်း ပြောသည်။

မြန်မာ့အရေးသည် အလွန်ခက်ခဲရှုပ်ထွေးသည့် အခြေအနေတခုဖြစ်နေပြီး မတူညီသည့် နိုင်ငံအများအပြားနှင့် အဖွဲ့အစည်းအသီးသီးတို့က ပါဝင်ဖြေရှင်းဆောင်ရွက်ရန် လိုလိမ့်မည် ဖြစ်ကြောင်း ဘရောင်းက မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်ပြီး သတင်းဌာနတခု၏ မေးခွန်းကို ဖြေကြားရင်း ပြောဆိုသည်။
ထို့ပြင် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတခုချင်းစီက အရေးယူဆောင်ရွက်မှုတို့ လုပ်ဆောင်ရန် လိုပြီး ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်အောင် လုပ်ဆောင်ရန် လိုမည်ဖြစ်ကြောင်း သူမက ပြောသည်။

“စိန်ခေါ်မှုတွေနဲ့ ဖြစ်နိုင်ခြေရှိ ဖြေရှင်းနည်းတွေအဖြစ် ကျွန်မတို့ မြင်တဲ့ အရာတွေကနေတဆင့် ကမ္ဘောဒီးယားနဲ့အတူ ကျွန်မတို့ ဆွေးနွေးနိုင်ပါတယ်။ အာဆီယံကို သူတို့ရဲ့ ကြိုးပမ်းမှုတွေမှာ ကျွန်မတို့ ဘယ်လို ထောက်ကူပံ့ပိုးပေးနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးနိုင်ပါတယ်။ ကုလသမဂ္ဂမှာ ကျွန်မတို့ ဘယ်လိုအတူတကွ လုပ်ဆောင်နိုင်သလဲ ဆိုတာကိုလည်း ဆွေးနွေးနိုင်ပါတယ်”

“မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုတွေထဲက တချို့နဲ့ပတ်သက်လို့လည်း သတင်းအချက်အလက်တွေ ကျွန်မတို့ မျှဝေနိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဆိုက်ဘာမှုခင်းနဲ့ပတ်သက်လို့ပေါ့။ အဲဒါနဲ့ပတ်သက်တဲ့ သတင်းတချို့ဟာ မြန်မာကနေ ထွက်လာနေတာပါ။ နောက်ထပ် အဲဒါမျိုး ဖြစ်စဉ်တွေ ရှိသလို လူကိုယ်တိုင် လူကုန်ကူးခံရတာတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာဆိုရင် မြန်မာနဲ့ပတ်သက်ရင် ဆွေးနွေးစရာတွေ အများကြီးရှိတယ်” ဟု သူမက ပြောသည်။

ပြည်ပနိုင်ငံသားများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအပါအဝင် အရပ်သားများ နေရပ်စွန့်ခွာရမှုကို ဖြစ်စေခဲ့သည့် မြန်မာနိုင်ငံ၊ အထူးသဖြင့် ရှမ်းမြောက်ပိုင်း၌ မကြာသေးခင်က ပဋိပက္ခတို့ အရှိန်မြင့်တက်မှုနှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်သည့် ထုတ်ပြန်ချက်တရပ်ကို နိုဝင်ဘာ ၂၄ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည်။

“ဖြစ်ပွားဆဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံသားတွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်”

“အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ အကြမ်းဖက်မှု ပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ထိန်းသိမ်းဖို့၊ အရပ်သားအားလုံး ဘေးကင်းရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်အားလုံး လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို မိမိတို့ တိုက်တွန်းတယ်” ဟု ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။