မြိတ်-ကော့သောင်းလမ်းပိုင်းနေရာအချို့ တော်လှန်ရေးအင်အားစု စတင်ထိန်းချုပ်

တနင်္သာရီမြို့နယ် အခြေစိုက် တောင်ပိုင်းညီနောင် တပ်ပေါင်းစုက လက်ရှိ မြိတ်-ကော့သောင်း လမ်းပိုင်းကို ထိန်းချုပ်ထားစဉ်။

ကိုရွှေမြိတ်

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ မြိတ်-ကော့သောင်း လမ်းပိုင်းနေရာအချို့
ကို ဒီဇင်ဘာလ ၁၅ရက်မှစတင်၍ ထိန်းချုပ်ထားနိုင်ပြီဟု တောင်ပိုင်းညီနောင်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

မြိတ်-ကော့သောင်းလမ်းပိုင်းမှ တနင်္သာရီမြို့နယ်အတွင်း စစ်ကာင်စီနည်းဗျူဟာကုန်းအနီးရှိ ရေဖြူရွာ၊ တားပလတ်ရွာနှင့် ထုံခါး-မောတောင်လမ်းအထိ ထိန်းချုပ်ထားခြင်းဟု ယမန်နေ့ ဒီဇင်ဘာလ ၁၈ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လမ်းပိုင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့က စ၍ စတင် ထိန်းချုပ်ထားခြင်းဖြစ်ပြီး ခရီးသည်ကားများနှင့် အခြားကုန်ကားအချို့ကိုပါ စစ်ဆေးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“ခရီးသည်ကားတွေ ပုံမှန် စစ်ဆေးမှု ရှိနေမယ်။အဓိကက စစ်တပ်တွေနဲ့ ပတ်သက်တာမျိုး မရှိအောင် ပြုလုပ်နေတာ ဖြစ်တယ်”ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောခွင့်ရသူကိုစတားကပြော သည်။

တနင်္သာရီမြို့နယ်မှ ထုံခါးအမှတ် (၄) အကျဉ်းစခန်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကိုခံရပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်ကောင်စီက ရုတ်သိမ်းပြီး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်ကျောက်ထုတ်လုပ်ရေး အကျဉ်းစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ထို့နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ယင်းလမ်းပိုင်း၌ နယ်မြေစိုးမိုးမှုရယူလိုက်ခြင်းဖြစ်သည်။

နယ်မြေစိုးမိုးမှု လက်လွှတ်လိုက်ရသည့်စစ်ကောင်စီတပ်က ရေဖြူရွာအနီးရှိ တော်လှန်ရေးအင်အားစုများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍
စစ်ရေးတင်းမာနေပြီး ခရီးသွားပြည်သူများ အထူးသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုများကသတိပေးထားသည်။ ထို့အပြင် လုံခြုံရေးအရ စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။

တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA)သည် တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့် ကော်သူးလေအာမီ (KTLA)- ထီးစမယ်ယွာတပ်ရင်း တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန်အထူးစစ် ကြောင်းနှင့် People Liberation Army (PLA)တို့ ပူးပေါင်းကာ ပြီးခဲ့သည့်နိုဝင်ဘာလ၂၅ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြိတ်-ကော့သောင်းလမ်းပိုင်းသည် ၂၇၄ မိုင်ခန့် ရှည်လျားပြီး ဒေသတွင်းခရီးသည်ကားများ သွားလာခြင်း အများဆုံး အသုံးပြုသော လမ်းပိုင်းဖြစ်သည်။ တနင်္သာရီမြို့နယ်ကို ဖြတ်သွားသည့် လမ်းပိုင်းကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားခြင်းဟု သိရသည်။တနင်္သာရီမြို့နယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်ဖြစ်သည်။

စာတည်း – အေးချမ်း