ကျိုက်မရောတွင် တိုက်ပွဲဖြစ်ပွား၊ ၂ ဖက် ထိခိုက်ကျဆုံးရှိဟု NMSP- AD ပြော

ပုံအညွှန်း- စစ်ကောင်စီက သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်လာသည့် လက်နက်များ

YT

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သတ်ရွာနှင့် သံကလောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်၊ ကျဆုံးမှု ရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP- AD ပြောခွင့်ရ နိုင်ဗညားမွန်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ (ဧပြီလ ၁၉ ရက်) နံနက် ၇ နာရီအချိန်မှစ၍ နေ့လယ်ပိုင်းအထိ ကော့သတ်ရွာနှင့် သံကလောင်ရွာတွင် NMSP- AD ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” မနေ့ကတော့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်တဲ့ခါကျတော့ နှစ်ဖက်ထိခိုက်၊ ကျဆုံး၊ဒဏ်ရာရတာတွေရှိတယ်။ တိုက်ပွဲကတော့ ကော့သတ်မှာ ဖြစ်တယ်၊ တခြားနေရာမှာလည်း ဖြစ်တယ်။” ဟု NMSP- AD ပြောခွင့်ရ နိုင်ဗညားမွန်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်၌သာမက NMSP-AD ပူးပေါင်းတပ်ဖွဲ့ဘက်တွင်ပါ ထိခိုက်၊ ကျဆုံးမှုရှိကြောင်း NMSP- AD ကပြောသော်လည်း အရေအတွက် အတိအကျကို ပြောဆိုခြင်း မရှိခဲ့ပေ။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ကော့သတ်ရွာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့​၏ အလောင်းငါးလောင်းနှင့် သေနတ် ခုနစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြနေကြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လူနေကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံထံက သိရသည်။

ကော့သတ်ရွာနှင့် သံကလောင်ရွာသည် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်သင်္ဘောမှ ပစ်ခတ်မှုတို့ကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ရသည့် ဓမ္မသရွာသို့ သွားနိုငသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့် ရွာများဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)