အင်ဒိုနီးရှား နီကယ်သန့်စင်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်၍ လူ ၁၂ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပုံဟောင်း/Photo:AFP

AFP-အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ တရုတ်ငွေကြေးပံ့ပိုးသော နီကယ်သန့်စင်စက်ရုံတခု၌ ဒီဇင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုတခုဖြစ်ပွား၍ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စက်မှုဇုန်တာဝန်ရှိသူတဦးက ပြောသည်။

အလယ်ပိုင်း ဆူလာဝေစီပြည်နယ်တွင် တည်ရှိသည့် မိုရိုဝါလီ စက်မှုဇုန်ရှိ PT Indonesia Tsingshan Stainless Steel က ပိုင်ဆိုင်သည့် စက်ရုံ၌ ဒေသစံတော်ချိန် မနက် ၅ နာရီ ခွဲခန့်တွင် ထိုမတော်တဆမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း စက်မှုဇုန် ပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“လက်ရှိမှာ ထိခိုက်မှုဖြစ်သူဦးရေက ၅၁ ယောက်ပါ။ အဲဒီထဲက ၁၂ ယောက်က သေဆုံးသွားပါတယ်။ ၃၉ ယောက်ကတော့ အသေးစားနဲ့ ပြင်းထန် ဒဏ်ရာတွေ ရလို့ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဒက်ဒီ ကာနီယာဝမ်က ပြောသည်။

ဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားနိုင်ငံသား ခုနစ်ဦးနှင့် ပြည်ပအလုပ်သမား ငါးဦးတို့ သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပြီး ပြည်ပလုပ်သားများက မည်သည့်နိုင်ငံသားများဖြစ်သည်ဆိုသည်ကို အသေးစိတ် မဖော်ပြပေ။

ကနဦး စုံစမ်းစစ်ဆေးမှုအရ သတ္တု မီးပြင်းဖိုတခု၌ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန် မီးလောင်လွယ်သည့် အရည်တမျိုးက မီးထလောင်ပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုတခုကြောင့် အနီးအနားရှိ အောက်ဆီဂျင်အိုးများကို ပေါက်ကွဲစေခဲ့ခြင်းနှင့်အတူ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်မှုဇုန်ကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီက ယခုဘေးဒုက္ခဆိုးအတွက် “အလွန်တရာ စိတ်ထိခိုက်ဝမ်းနည်း” ကြောင်း ပြောပြီး မည်သူမည်ဝါ ထုတ်ဖော်ထားသည့် သေဆုံးသူတချို့၏ အလောင်းများကို လေယာဉ်ဖြင့် နေအိမ်သို့ ပို့ဆောင်ပေးထားကြောင်း ပြောသည်။

ကျွန်းသည် တွင်းထွက်ပစ္စည်း ကြွယ်ဝသည့် နိုင်ငံတွင် လျှပ်စစ်မော်တော်ကား ဘထ္ထရီများနှင့် အစွန်းခံ သံမဏိတို့အတွက် အသုံးပြုသည့် အခြေခံသတ္တုတမျိုးဖြစ်သည့် နီကယ် ထုတ်လုပ်မှုအတွက် အချက်အချာနေရာတခုဖြစ်ပြီး ပေကျင်း၏ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် စက်ရုံအလုပ်ရုံများ၌ အလုပ်လုပ်ကိုင်ရမှု အခြေအနေများနှင့်ပတ်သက်ပြီး မငြိမ်မသက်မှုတို့ကို ဖြစ်ပေါ်ထားစေခဲ့သည်။

ဇန်နဝါရီလက ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ခလစာတို့နှင့်ပတ်သက်ပြီး ဆန္ဒပြမှုတခုအတွင်း အဓိကရုဏ်းဖြစ်ပြီးနောက် အဆိုပါ တူညီသည့် စက်မှုဇုန်ရှိ နီကယ်စက်ရုံတခု၌ တရုတ်နိုင်ငံသားတဦး အပါအဝင် အလုပ်သမား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်တခုဖြစ်ပွားထားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)