မုန်းမြို့မဈေးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မုန်းမြို့မဈေးမီးလောင်မှုမြင်ကွင်း (ဓါတ်ပုံ- KNU)

YT(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မုန်းမြို့မဈေး(ခ) မြတ်မာလာဈေးအား စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုန်းမြို့မဈေးရှိဆိုင်ခန်းများအား စစ်ကောင်စီတပ်က မီးရှို့ သွားခြင်းဖြစ်ပြီး သုံးနာရီကျော်နီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မုန်းဈေးမီးလောင်တာ အကြီးအကျယ်ပဲ။ ဆိုင်တွေတော်တော်ကုန်သွားပြီ။ စကစတွေနဲ့ သူတို့ရဲ့ လက်ပါး စေတွေရှို့တာ”ဟု မုန်းဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့မဈေးဆိုင်ခန်းများ မီးရှို့ဖျက်ဆီးခံရမှုတွင် ကုန်စုံဆိုင်၊ ဖိနပ်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၊ စာအုပ်ဆိုင် စသည့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်များအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဈေးအား မီးရှို့ခြင်းမပြုမီ ငါးရက်အလို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က အဆိုပါဈေး အတွင်းရှိဆိုင်ခန်းများမှ ပစ္စည်းများကို ဖောက်ထွင်းယူပြီး ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချမှုများ ရှိခဲ့ ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

“ဈေးဆိုင်တွေကိုဖောက်ပြီး ကြက်ဥတလုံးကို ၁၀၀၊ အင်္ကျီတထည်(သို့မဟုတ်)ဘောင်းဘီတထည်ကို ၁၀,၀၀၀ နဲ့ လိုက်ရောင်းနေတယ်” ဟု မုန်းမြို့ပေါ်သို့ ဈေးသွားဝယ်သော ဒေသခံတဦးကပြောကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မုန်းမြို့မဈေးမီးလောင်ကျွမ်းမှုမှာ ဈေးအတွင်း၌ ဂက်စ်အိုးပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် KNLA နှင့် PDF များက မီးရှို့သည်ဟု ရေး သားဖြန့်ဝေနေကြသည်။

မုန်းမြို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မုန်းအဝင် တံတားဂိတ်စခန်းနှင့် မုန်းမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်များ နေရာပြန်ယူလျက်ရှိပြီး ပစ်ခတ်မှု များ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ