မတ်လအတွင်း မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သား ၃၄ ဦးသေဆုံးဟု PDF-South Monywa ထုတ်ပြန်

PDF – South Monywa ရဲဘော်များ/ဓါတ်ပုံ – PDF – South Monywa

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်ရှိ ချောင်းဦးနှင့် မြင်းမူမြို့နယ်များ၌ မတ်လအတွင်း ၁၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁) People’s Defence Force – South Monywa က ဧပြီ လ ၁ ရက် ယနေ့ ထုတ်ပြန်သည်။

မတ်လ ၁ ရက်မှ ၃၁ ရက်နေ့အတွင်း မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်ကောင်စီ တပ်နှင့်ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှု ကိုးကြိမ်နှင့် လက်နက်ကြီးငယ်များဖြင့်ပစ်ခတ်မှု လေးကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တပ်ဖွဲ့တွေက နယ်မြေခံဖြစ်တာရယ်၊ ပြည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီ တာရယ်ကြောင့် အခုလို စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ခဲ့တာပါ” ဟု PDF – South Monywa တာဝန်ခံ ဒေါင်းကာရံက မဇ္စျိမကိုပြောသည်။

ထို့ပြင် တော်လှန်ရေးရဲဘော်များအနေဖြင့် ၎င်းတို့တာဝန်ယူကိုင်တွယ်နေသည့် လက်နက်ခဲယမ်း အသုံး ပြုမှုယခင်ထက် ပိုမိုကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုလာနိုင်ပြီး အမှားအယွင်းမရှိ အောင်မြင်စွာလုပ်ကိုင် နိုင်သောကြောင့်ဟုလည်း ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများပြုလုပ်နေချိန်တွင် ရန်ပုံငွေအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ခဲယမ်းများ ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် PDF – South Monywa က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မုံရွာ-မန္တလေးကားလမ်းမပေါ်တွင် စစ်ကိုင်းမြို့မှ မုံရွာအခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်သို့ ရိက္ခာနှင့် လူအင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးခြင်း၊ မိုင်းရှင်းလင်းခြင်း များလုပ်ဆောင်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ