၁၀၂၇ စစ်ဆင်ရေးကို တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့ကြောင်း Crisis Group အစီရင်ခံစာတွင် ဖော်ပြ

Photo- MNDAA နှင့် AA

Photo- MNDAA နှင့် AA

မဇ္ဈိမ

မြန်မာစစ်တပ်၏ သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုနှင့် ကြုံခဲ့ရသည့် ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးကြီးကို တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့ကြောင်း နိုင်ငံတကာပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Crisis Group) ၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးသား‌ဖော်ပြထားသည်။

တရုတ်သည် စစ်အာဏာသိမ်းမှုအပေါ် စိတ်ပျက်သော်လည်း အလုပ်သဘောအရ ဆက်ဆံခဲ့ရသော မြန်မာအာဏာသိမ်း စစ်ကောင်စီကို တရုတ်- မြန်မာ နယ်စပ်တလျှောက် ကြီးထွားလာနေသော ကျားဖြန့်ခေါ် တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများအား ဖြိုခွင်းရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်များအပေါ် စစ်ကောင်စီက အရေးတယူ တုံ့ပြန်ဆောင်ရွက်ခြင်း မရှိခဲ့ချိန် ပေါ်ပေါက်လာသော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီးကို တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

“တရုတ်က နေပြည်တော်နဲ့ ပုံမှန်အားဖြင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခဲ့ပေမဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်ပြီး သိပ်ကျေနပ်တာတော့မဟုတ်ဘူး။ ဒါကြောင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ငြင်းဆန်ခဲ့တယ်။ ဒါ့ပြင် လွန်ခဲ့တဲ့ လပိုင်းလောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကြီးမားတဲ့ ထိုးစစ်တခုကိုလည်း တရုတ်က တိတ်တဆိတ် ထောက်ခံခဲ့တယ်။ ဒီစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ အရှက်တကွဲ အကျိုးနည်း၊ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ စစ်ကောင်စီအပေါ် ဘေဂျင်းရဲ့ စိတ်ပျက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအကြား မြန်မာ့အရေးအဖြေရှာရာမှာ တူညီသဘောထားရရှိဖို့နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိုပြီး ဖိအားပေးနိုင်ဖို့ အခွင့်အရေးတစ်ရပ်ပါပဲ” ဟု Crisis Group ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက အစီရင်ခံစာတွင် ပြောထားသည်။

၂၀၂၃ နှောင်းပိုင်းတွင် ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးကြီး၏ အဓိကရည်ရွယ်ချက် ခုနစ်ချက်ထဲ တရုတ်လိုလားသော ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း ပပျောက်ရေးဆိုသည့် အချက်တချက်လည်းး ပါဝင်သည်။

တရုတ်ဩဇာလွှမ်းမိုးမှု ရှိသည်ဟု အများက ယူဆထားသည့် မဟာမိတ် သုံးဖွဲ့၏ မြန်မာ-တရုတ်နယ်စပ်က တိုက်ပွဲများတွင် တရုတ်နိုင်ငံက ပါဝင်ပတ်သတ်နေ ကြောင်း စွပ်စွဲချက်များကို ထိုစဉ်တွင် တရုတ်ဘက်က ငြင်းဆိုခဲ့သည်။

နှစ်ဖက်အပစ်အခတ် ရပ်စဲရန်နှင့် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကိုသာ လိုလားကြောင်း တရုတ်က ပြောဆိုခဲ့ပြီး တရုတ်၏ ကြားဝင်ပေးမှုဖြင့် လက်ရှိမှာလည်း ရှမ်းမြောက်ဒေသတွင် အတိုင်းအတာတခုထိ တိုက်ပွဲများ ငြိမ်သက််နေခဲ့သည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီအပေါ် တရုတ်အစိုးရ၏ ယုံကြည်မှု ကျဆင်းလာခြင်းကြောင့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် ယခုအခွင့်အရေးကိုအသုံးချပြီး မြန်မာ့အရေးကို တရုတ်နှင့် ပူးပေါင်းဖြေရှင်းသင့်ကြောင်းလည်း အစီရင်ခံစာက တိုက်တွန်းထားသည်။

စာတည်း။ ။ နောင်နောင်