ထိုင်းတွင် လက်နက်လိုင်စင်သစ် ထုတ်ပေးခြင်းအား ၁ နှစ်တာ တားမြစ်

AA

ထိုင်းနိုင်ငံတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းများကြောင့် အများပြည်သူများ စိုးရိမ်ပူပန်မှု ရှိနေကြရာ လက်နက်လိုင်စင်သစ် ထုတ်ပေးခြင်းများကို တနှစ်တာ တားမြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။

“ပြည်သူများ ဘေးကင်းလုံခြုံရေးအား ထိန်းသိမ်းရန်” ယခု အမိန့်သည် ချက်ချင်း အသက်ဝင်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ထရိုင်ဆူလီက ၎င်း၏ တရားဝင်ဖေ့ဘုတ်ပေ့ချ်တွင် ရေးသားသည်။

အများပြည်သူ နေရာများ၌ လက်နက်ခဲယမ်း သယ်ဆောင်ခြင်းသည် အသက်အိုးအိမ် စည်းစိမ်များအတွက် အန္တရာယ် ရှိပြီး လူမှုလုံခြုံရေးကို ရိုက်ခတ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် ဒေသတွင် လက်နက်ကိုင်ဆောင်မှု အမြင့်ဆုံးနှုန်းရှိသော တနိုင်ငံဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလအတွင်းက ဘန်ကောက်ရှိ ရှော့ပင်းမောလ်တခုတွင် အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတဦး သေနတ်ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးသည့်နောက်တွင် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။

အစောပိုင်း တနှစ်ကလည်း နိုင်ငံအရှေ့မြောက်ပိုင်းက နေ့ကလေးထိန်းကျောင်းတွင် ရဲတာဝန်ရှိသူဟောင်းတဦး၏ သေနတ်နှင့် ဓားတို့ဖြင့် တနာရီကြာ တိုက်ခိုက်မှုအတွင်း ကလေး ၂၂ ဦး အပါအဝင် လူပေါင်း ၃၅ ဦး သေဆုံးခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)