ကလေးမြို့နယ်တွင် လက်နက်ကြီးမှန်ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံး

ပုံအညွှန်း - လက်နက်ကြီးကျည်ကြောင့်သေဆုံးခဲ့သည့် ကလေးနှစ်ဦး (ဓါတ်ပုံ - Khonumthung)

ပုံအညွှန်း – လက်နက်ကြီးကျည်ကြောင့်သေဆုံးခဲ့သည့် ကလေးနှစ်ဦး (ဓါတ်ပုံ – Khonumthung)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်း ၊ ပျဥ်းတောဦးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် နှစ်ရက်ဆက်တိုက် ကျရောက်ပေါက်ကွဲပြီး ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကလေးမြို့ပေါ်နှင် ၁၂ မိုင်ခန့်ဝေးသည့် ပျဉ်းတောဦးရွာတွင် ယနေ့ ဧပြီလ ၂၅ ရက်နှင့် ယမန်နေ့ (ဧပြီ ၂၄ ရက်) နေ့က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲမှုတွင် အမျိုးသားနှစ်ဦး ထိမှန်သွားပြီး ယင်းအနက် တဦးသေဆုံးကာ တဦးမှာ ဆေးကုသမှု ခံယူနေရသည်။

“မနေ့က သေဆုံးဒဏ်ရာရတဲ့သူတွေရှိခဲ့လို့ ရွာမှာပူဆွေးသောကရောက်နေချိန် ဒီနေ့ထပ်ပြီးထပ်မှန်ပြီး တယောက်သေတယ်၊ နောက်တယောက်တော့ အသက်ကယ်နိုင်ဖို့ မျှော်လင့်ရတယ်” ဟု ပျဥ်းတောဦး ဒေသခံတဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးမြို့ – လက်ပံချောင်း ကားလမ်းမဘေးတွင် တည်ရှိသည့် ပျဉ်းတောဦး ကျေးရွာအနီးတဝိုက်တွင် ယမန်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကလေးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကာ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီလစတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၈၀ ခန့် သေဆုံးထားကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်