နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း-ပြီးခဲ့သည့်လပိုင်းက နွားထိုးမြို့နယ် လမ်းပိုင်းတစ်ခုတွင် Natogyi People Defence Force နှင့်ပူးပေါင်းအဖွဲ့ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄) (Natogyi People Defence Force)  တာဝန်ရှိသူက ပြောသည်။

မြင်းခြံမြို့မှ နွားထိုးကြီးမြို့သို့လာသည့် ယာဥ်သုံးစီးပါ စစ်ကောင်စီ ယာဥ်တန်းသည်  ဒီဇင်ဘာ ၂၂ရက်၊ မွန်းလွဲ ၁နာရီခန့်၌  လျော်ဖြူကျေးရွာနှင့် သာယာကုန်းကျေးရွာကြား‌ရောက်စဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကား သုံးစီးကို လျော်ဖြူနဲ့သာယာကုန်းကျေးရွာကြားမှာ ပဒေသာမိုင်း ငါးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ စခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) နှစ်ကောင်သေဆုံးတယ်။ သုံးကောင်ဒဏ်ရာတယ်။ ကားတစီး အောက်ပိုင်း လုံး၀ ပျက်စီးသွားတယ် “ဟု Natogyi People Defence Force တာဝန်ရှိသူကပြောသည်။

သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုစာရင်းကို  မြေပြင်ကင်းထောက်အဖွဲ့မှ အတည်ပြုပေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

Natogyi People Defence Forceနှင့် ပူးပေါင်းအဖွဲ့သည် မြင်းခြံ၊ နွားထိုးကြီး၊ မလှိုင်၊ ငါန်းဇွန်၊မြို့သာ၊ တံတားဦးလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းများ၊ အိမ်စီးကားများအသုံးပြု၍ အရပ်ဝတ်ဖြင့် သွားလားလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိ‌ေကြာင်း သိရသည်။

ထို့အပြင် ယင်းလမ်းပိုင်းများတွင် သွားလာနေသည့် ယာဥ်များကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Natogyi People Defence Force နှင့်ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်းကလည်း မလှိုင်မြို့မှ နွားထိုးကြီးမြို့သို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် Mark-2 ကားကို အောင်သာကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ခိုက်ခံရပြီးနောက် မလှိုင်မြို့ဝင် ၊ မြို့ထွက်နှင့် နွားထိုးကြီး မြို့ဝင်၊ မြို့ထွက်တို့တွင် လုံခြုံရေးတိုးမြင့်ထားပြီး ခရီးသွားပြည်သူများကိုလည်း တင်းကျပ်စွာ စစ်ဆေးနေကြောင်း မြေပြင်ကင်းထောက်အဖွဲ့ကဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး