နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်း ဝင်လာကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ (၁) ၏ အခြေခံ စစ်သင်တန်း အပတ်စဥ် (၁၄) သင်တန်း ဆင်းပွဲကို မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့တွင် ရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို မတ် ၁၇ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၈၉ ရက်မြောက်နေ့ အဖြစ် ဒေသတွင်းကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်အလိုမရှိကြောင်း ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရ သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁၈ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၌ မတ် ၁၇ ရက်၊ မွန်းလွဲပိုင်းက စစ်ဘေးရှောင်သူများကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဥ် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် အသက်လေးနှစ်အရွယ် မိန်းကလေးတဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်း နှင့် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီတို့ ပူးပေါင်းကာ ” မတရား စစ်မှုထမ်း ဥပဒေ ဆန့်ကျင်ကန့်ကွက်ပွဲ”ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပအဖ အဖွဲ့ဝင် နယ်မြေအားလုံး ၏ မြေပြင် ကွင်းဆင်း ဆောင်ရွက် နေသည့် လုပ်ငန်းအခြေအနေများကို ယနေ့ မှတ်တမ်းနှင့်တကွ ထုတ်ပြန်လိုက်သည်။

စစ်မှုထမ်းဥပဒေ လည်ပတ်အောင် ကူညီနေသူများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်ဟု မန္တ လေး တိုင်းအခြေပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့က မတ် ၁၇ ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန် သည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘဲသာရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၈ တာဝန်ခံ ကိုလင်းလတ် က ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မတ် ၁၆ ရက်က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်း ဝင်ရောက်ခဲ့ရာ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် မတ် ၁၈ ရက်၊ နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း ​ဒေသခံများက ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ရိုးမဧရိယာအတွင်း မတ် ၁၃ ရက်၊ ညနေ ၃ နာရီမှ စတင်ပြီး စစ်ကောင်စီက ငါးရက်ကြာ လေကြောင်းတိုက်ခိုက်ခဲ့၍ ဟိုင်းယုကျေးရွာမှ နေအိမ် ၁၁၀ လုံးနှင့် ပြည်သူပိုင် အဆောက်အအုံများ ပျက်စီးသွားကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဟိုင်းယုကျေးရွာကို စစ်တပ်က မတ် ၁၃ ရက်မှ ၁၇ ရက်ထိ ၅ ရက် ဆက်တိုက် ပစ်ခတ်ဖျက်ဆီးရာ စာသင် ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း နှင့် ဘုရားကျောင်းများ အပါအဝင် နေအိမ် ရာချီ၍ ပျက်စီးဆုံးရှုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၃) တွင် မတ် ၁၅ ရက်မှ ၁၇ ရက်ထိ စစ်ကောင်စီက လေကြောင်းမှ သုံးရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးငယ် နှင့် မိခင်ဖြစ်သူသေဆုံးသွားပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ အထွက်တွင် မတ် ၁၈ ရက်၊ နံနက် ၇ နာရီကျော်တွင် မိုင်းပေါက်ကွဲပြီး ရထား ၁ စီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာ့ မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

နယ်သာလန်နိုင်ငံရောက် မြန်မာပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ လုပ်ဆောင်နေသည့်အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို မတ် ၁၆ ရက်က ပြုလုပ်ခဲ့သည်။
အကြမ်းဖက် စစ်ကောင်စီမှ မတရားထုတ်ပြန်ထားသည့် စစ်မှု မထမ်း မနေရ ဥပဒေအား ဆန့်ကျင် ဆန္ဒပြပွဲကို နယ်သာလန် ရောက် မြန်မာများက ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု မွန်ပြည် ဖက်ဒရယ်ကောင်စီ က ယနေ့ ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားသည့် အပစ်ရပ် တိုင်းရင်း သား လက်နက်ကိုင် EAOs (၇) ဖွဲ့က ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ အသီးသီးတွင် မတ် ၁၇ ရက်မှ ၁၉ ရက် ထိ အုပ်ချုပ်ရေးစနစ် စတင်သွားမည်ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ဖလူးကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဖလူးမဆုတ်တမ်း ခံစစ်စခန်းကို KNU / KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၁ ရက် တွင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ မတ် ၁၅ ရက်က စစ်ရေးဖော်ဆောင်နေကြောင်း NMSP(AD) တာဝန်ရှိသူထံက သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ထဲက စစ်တွေမြို့မှ လွဲပြီး ခရိုင်တစ်ခုလုံးကို ရက္ခိုင့် တပ်တော် (AA) က မတ် ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို မတ် ၁၇ ရက်၊ ညနေ ၄ နာရီခန့်က AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရသေ့တောင်ကို AA က အပြီးသတ် ရရှိကာ AA သိမ်းပိုက်ထားသော မြို့ ၉ မြို့ ရှိလာပြီဖြစ်ကြောင်း AA တပ်ဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးဒေသ၊ ခေါင်လန်ဖူးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ ပြည်သူ့စစ်တစ်ဦးသည် မတ် ၁၈ ရက်၊ နံနက်ပိုင်းက လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့ မတ် ၁၇ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း ၆ ခုကို တော်လှန် ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ်တွင် KIA ဦးဆောင်သော မဟာမိတ်တော်လှန် ရေးတပ်များက မတ် ၇ ရက် စတင်ပြီး စစ်ဆင်ရေးဖြင့် စစ်ကောင် စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့ မတ် ၁၈ ရက်အထိ စခန်း ပေါင်း ၃၀ ကျော် သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို အရှင်ဖမ်းဆီး ရရှိထား ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြ ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေး လူငယ်အင်အားစု (SSRY) က ယနေ့ ထုတ် ပြန်သည်။

ကရင်နီပြည် ၁ လေးလုံး စစ်ဆင်ရေး ဆက်စပ်တိုက်ပွဲ ပြင်းထန်နေသည့် နောင်ဝိုး၊ ဗန်းမောက် နှင့် နမ်းဖောမူ တို့ကို ကုန်းလမ်း ၊ ရေလမ်း နှင့် ခရီးမသွားကြရန် ကရင်နီ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးဇုံက ယမန်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီအတွက် အရပ်ဝတ်နဲ့ထောက်လှမ်းရေး လုပ်နေသူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟု CDF-Hakha က မတ် ၁၆ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ

ပဲခူးမြို့တွင် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရှေးမြန်မာ မင်းများ အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့သော သမိုင်းဝင် ကျိုက်ပညာယျ စေတီတွင် ဘုရင်ရူးရူးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံနှင့် အတူ ယမန်နေ့ မတ် ၁၇ ရက်တွင် ထီးတော်တင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းချည်မျှင် ထုတ်လုပ်နိုင်မှုသည် လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသဖြင့် ချည်မျှင် ထုတ်လုပ်သည့် စက်ရုံများ ထပ်မံတိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ် ကြောင်း စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်းက မတ် ၁၆ ရက်က ကျင်းပသည့် မန္တ လေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ထိခိုက် ပျက်စီးစေမည့် လုပ်ရပ်များအား ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုံ့ချကြောင်း စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက မတ် ၁၆ ရက်စွဲဖြင့် စုပေါင်းထုတ်ပြန်ထားသည်။

တာချီလိတ်နယ်စပ်ဒေသတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မတ်လ (၂၂) ရက်မှ စတင်ပြီး MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းခံမှု နှင့် ငွေတောင်းယူမှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ရန်ကုန်- ဘားအံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဘန်ကာအသစ်များ ဆောက်လုပ်ကာ တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

မန္တလေးမြို့အထွက်ဂိတ်များတွင် စစ်ကောင်စီက ယခုရက်ပိုင်းတွင် လူငယ်များအား ပစ်မှတ်ထား ပြီး ရှာဖွေစစ်ဆေးမှု တင်းကြပ်စွာပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်း အတွင်း မြို့နယ်များအားလုံးတွင် မတ်လ တတိ ယပတ်အတွင်းမှ စတင်ကာ စစ်မှု ထမ်းရန်အတွက် မဲနှိုက်ရွေး ချယ်ခြင်းလုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံများက စတင်ပြု လုပ်နေပြီဟု မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

မန္တလေး မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်များ ဆောက် လုပ်ရန်အတွက် မည်သည့် အခွန်အခမှ ပေးသွင်းရန် မလိုအပ်ဘဲ ဦးရာ လူစနစ်ဖြင့် လျှောက်ထားနိုင် ကြောင်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် မင်းပြားမြို့နယ်ကို မတ် ၁၇ ရက် နှင့် မတ် ၁၈ ရက်က စစ်ကောင် စီက လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဗုံးကြဲတိုက် ခိုက်ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၃ ဦး သေ ဆုံးခဲ့ရပြီး ၁၈ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး Western News သတင်းဌာနတွင် ဖော်ပြထားသည်။

မတ် ၁၈ သုံးသပ်ချက်

စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ အပြင်းအထန်ပူးပေါင်းခုခံနေသော်လည်း ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်ကို AA အဖွဲ့က ထပ်မံ သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ထက်ဝက်နီးပါးသည် AA ထိန်းချုပ်မှုအောက် ကျရောက်သွားပြီး မကြာမီ ရခိုင်တစ်ပြည်လုံးနီးပါး လက်လွှတ်ရဖွယ် ရှိနေသည်။