ဒီပဲယင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၁၂ လုံးနှင့် စပါးတင်း ၁,၀၀၀ နီးပါးကို မီးရှို့ ဖျက်ဆီး

ဒီပဲယင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားသည့်နေအိမ်တစ်လုံးကိုတွေ့ရစဉ်

MTO(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် တပတ်အတွင်း နေအိမ် ၁၂ လုံး၊ ကား ၂ စီး နှင့် စပါးတင်း ၁,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့ ထံမှသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရေဦးနယ်ဘက်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာငါးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ခံ ကိုကြီးဖြိုးက ပြောသည်။

“တရွာကတော့ ကင်းတဲလေး တလုံးပဲ၊ အောင်ချမ်းသာနဲ့ ပင်စည်မှာက ကားနှစ်စီးနဲ့ နေအိမ်တစ်လုံး မီးရှို့ သွားတယ်၊ ပုဂံကျေးရွာကတော့ နေအိမ် ၁၁ လုံးနဲ့ စပါးတင်းရေ ၁,၀၀၀ ဝန်းကျင်လောက် မီးရှို့ဖျက်ဆီး သွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား ပြီး စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံ ၅,၀၀၀ ခန့်မှာ ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ကိုကြီးဖြိုးက ဆိုသည်။

၎င်းက “စစ်ကြောင်းက ရေဦးမြို့နယ်ထဲကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်တဲ့အတွက် ဒီနေ့မှာ ဒေသခံ တွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကပ်နေနိုင်ကြပြီ” ဟု ပြောသည်။

ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ မီရှို့ဖျက်စီးမှု အများဆုံးခံနေရသည့်မြို့နယ်များထဲမှတခုဖြစ်ပြီး လက်ရှိအချိန်အထိ မီးဘေးသင့်အိမ်ထောင်စုပေါင်း ၆၀၀ ကျော်အထိရှိလာပြီး ၎င်းတို့အတွက် နေထိုင် စရာတဲအိမ်များလိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။စောဖေ