ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂၄ နာရီအတွင်း လူ ၂၀၀ ကျော် သေဆုံးဟု ဟားမတ်စ် ပြော

Photo:AFP

AFP-ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၂၄ နာရီအတွင်း လူ ၂၀၀ ကျော် သေဆုံးကြောင်း ဟားမတ်စ် ထိန်းချုပ်သည့် အာဏာပိုင်များက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။ အရပ်သားများကို အကာအကွယ်ပေးရေး ပိုမိုလုပ်ဆောင်ရန် မဟာမိတ် အစ္စရေးကို အမေရိကန်က ထပ်မံ တိုက်တွန်းသည်။

စစ်ဒဏ်ဖိစီးခံ ပါလက်စတိုင်းများထံ နောက်ထပ် အကူအညီများ ရောက်ရှိစေရေးနှင့် ထိန်းသိမ်းသည်းခံရေးအတွက် တောင်းဆိုမှုများ တိုးပွားနေလင့်ကစား အစ္စရေးသည် ဟားမတ်စ်ကို အမြစ်ဖြတ်ရန် ရည်ရွယ်သည့် ၎င်းတို့၏ သီတင်းပတ် ၁၁ ပတ်ကြာ “သံဓား စစ်ဆင်ရေး” ကို ချိန်ညှိပြောင်းလိုသည့် လက္ခဏာ ပြသမှု မရှိသလောက် ဖြစ်နေသည်။

အစ္စရေးနိုင်ငံထဲသို့ အောက်တိုဘာ ၇ ရက်က သွေးထွက်သံယိုများသည့် စီးနင်းမှုများ လုပ်ဆောင်ခဲ့သည့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်၏ အမာခံနယ်မြေများအဖြစ် ရှုမြင်ခံရသည့် ဂါဇာမြို့နှင့် တောင်ပိုင်းမြို့ ခန် ယွန်နစ်တို့တွင် တိုက်ပွဲများက အဓိကဗဟိုပြုနေသည်။

အစ္စရေး၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု သတင်းများနောက်ပိုင်း ခန် ယွန်နစ်နှင့် ကမ်းရိုးတန်းနယ်မြေ၏ မြောက်ဘက်တို့အပေါ်တွင် မီးခိုးရောင်နှင့် အမည်းရောင် မီးခိုးများ ကောင်းကင်ယံထက် တက်နေခဲ့သည်။

ဒုက္ခသည်စခန်းမှ မြို့အဖြစ် ပြောင်းလဲခဲ့သည့် ခန် ယွန်နစ်သည် ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါ၏ မွေးရပ်နေရာဖြစ်ပြီး ၎င်းသည် အောက်တိုဘာ တိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူအဖြစ် အစ္စရေးက သတ်မှတ်ထားသည်။

အစ္စရေးစစ်တပ်ဦးစီးအရာရှိချုပ် ဟာဇီ ဟယ်လီဗီသည် ခန် ယွန်နစ်ရှိ မြေပြင်တပ်သားများထံ သွားရောက်ခဲ့ပြီး စစ်ဆင်ရေးက “အလွန်ပင် အထင်ကြီးစရာကောင်း” ကြောင်း၊ မြေပြင် တိုက်ခိုက်မှုများနှင့်အတူ စစ်ဆင်ရေးကို ခိုင်မာစိတ်ချရသည့် ပုံစံဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မြို့၏ နက်ဆာ ဆေးရုံရှိ ရင်ခွဲရုံအပြင်ဘက်တွင် ဝမ်းနည်းကြေကွဲနေသည့် ဆွေမျိုးများက ငိုကြွေးဆုတောင်းခဲ့ကြပြီး အလွန်ကြီးမားသည့် ဆုံးရှုံးမှုများကို တွက်ချက်ရန် ကြိုးပမ်းရင်း ငေးငိုင် မှိုင်တွေနေခဲ့ကြသည်။

စစ်ပွဲကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေသည် ၂၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီဟု ဟားမတ်စ် အာဏာပိုင်တို့က ပြောသည်။

“ဒါက လူမျိုးတုန်းသတ်ဖြတ်မှုတခုပါ” ဟု ဒေသခံ ရာဖတ် အယ်လ် အက်ယဒီက ပြောသည်။

အရပ်သားများကို တိုက်ရိုက် ပစ်မှတ်ထားခြင်း မရှိဟု အစ္စရေးက ငြင်းဆိုသည်။ လူ ၁,၁၄၀ ဦးခန့် သေဆုံးခဲ့ရသည့် အောက်တိုဘာ စီးနင်းတိုက်ခိုက်ခံရမှုများ နောင်မည်သည့်အခါမှ ထပ်မဖြစ်စေရေးအတွက် ဟားမတ်စ်တို့အပေါ် စစ်ဆင်နွှဲမှုက အလွန်အရေးပါသည်ဟု အစ္စရေးက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)