တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို ဝေဖန် သော ၃၅ နှစ် သက်တမ်း ရှိ မဂ္ဂဇင်း ထုတ်ဝေမှု ရပ်ဆိုင်း

Bitter Winter

ထင်ရှားကျော်ကြားပြီး ရှေးကျသော တရုတ်စာပေမဂ္ဂဇင်း တစ်ခုဖြစ်သည့် ဇန်ဝမ်ရှန့်ကန် (杂文选刊) သည် ထူးခြားပြီး စွဲမက်ဖွယ်ကောင်းသော သရော်စာများ တင်ဆက်လေ့ရှိသော်လည်း အမျိုးမျိုးသော နိုင်ငံရေး အခြေအနေများနှင့် သမ္မတ အဆက်ဆက်ကို ဖြတ်သန်း၍ သက်တမ်း ၃၅ နှစ်ကြာ ရပ်တည်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သမ္မတ ရှီကျင့်ဖျင် အစိုးရ ၏ ဆင်ဆာ ဖြတ်တောက်မှုကြောင့် ထုတ်ဝေမှု ရပ်ဆိုင်းရန် ဖြစ်လာသည်။

အဆိုပါ မဂ္ဂဇင်းသည် ထုတ်ဝေမှု ရပ်ဆိုင်းရန် တွန်းအားပေးခံခဲ့ရခြင်း ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာ သည် နောက်ဆုံး ထုတ်ဝေမှု ဖြစ်သည်။ မဂ္ဂဇင်းတိုက်၏ ဖုန်းလိုင်းများကိုလည်း ဆက်သွယ်မှု ဖြတ်တောက် ထားသည်။ ထုတ်ဝေမှုများကို ရပ်ဆိုင်းခြင်းသည် ဆန္ဒအလျောက် ရွေးချယ်ခြင်း မဟုတ်ကြောင်း အယ်ဒီတာများက အတည်ပြုပြောကြားသည်။

ထုတ်ဝေမှု ရပ်ဆိုင်းရခြင်းမှာ ၎င်း မဂ္ဂဇင်း မျက်နှာဖုံးကြောင့် ဖြစ်သည် ဟု ဆိုသည်။ ၎င်း တွင် ရှေ့သို့ လက်ညှိုးညွှန်နေသော လက်မောင်း နှင့် လက်ပေါ်တွင် သေးငယ်သော လူရုပ်များက ပြေးလွှားနေကြပြီး ချေက်ထဲသို့ ခုန်ချသွားကြပုံနှင့် ခုန်ချပြီးနောက် စိတ်အားထက်သန်မှုမှ စိတ်ပျက်အားငယ်ခြင်း သို့ ပြောင်းလဲသွားသော အမူအရာကို ပုံ‌ဖော်ထားသည်။

၎င်းသည် လူသားတို့၏ မိုက်မဲမှုကို ရည်ညွှန်းသော ယေဘူယျ တွေးတောဆင်ခြင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ဆင်ဆာအဖွဲ့က ရှီကျင့်ဖျင်ကို တိုက်ရိုက်တိုက်ခိုက်သည် ဟု မှတ်ချက်ပြုကြသည်။ ရှီကျင့်ဖျင်သည် ပါတီဝင်များနှင့် တရုတ်ပြည်သူများကို အမြဲ “လမ်းညွှန်ပြ” သူ ဖြစ်ကြောင်း တရုတ်မီဒီယာများက မကြာခဏ ဖော်ပြလေ့ရှိသည်။

ရှေ့သို့ လမ်းညွှန်ပြနေသော လက်သည် (တရုတ်သမ္မတများကို လမ်းညွှန်ပြသော ဧကရာဇ်မင်း ဟု အမည်ပြောင် သုံးထားသောကြောင့်) ရှီကျင့်ဖျင် ကို ကိုယ်စားပြုကြောင်း ဆင်ဆာအဖွဲ့က အတည်ပြုသည်။

အဆိုပါ မဂ္ဂဇင်း ကို ပိတ်ပစ်ခြင်းသည် လွတ်လပ်သော မီဒီယာအားလုံးအတွက် ဖြစ်ပေါ်လာမည့် ဆိုးရွားသော နိမိတ်လက္ခဏာဖြစ်သည်ဟု အင်တာနက်အသုံးပြုသူများက မှတ်ချက်ပေးကြသည်။

အဆိုပါ မဂ္ဂဇင်းသည် “မှန်ကန်သော ထုတ်ဝေရေး လမ်းညွှန်ချက်ကို အမြဲ လိုက်နာ” သော Jilin People’s Publishing Company မှ ထုတ်ဝေပြီး ယေဘုယျ အားဖြင့် တရုတ်ကွန်မြူနစ်ပါတီ ကို ဆန့်ကျင်သော ထုတ်ဝေမှု ဟု မယူဆနိုင်ပါ။ သို့သော် မဂ္ဂဇင်း မျက်နှာဖုံးသည် ဆင်ဆာ သတ်မှတ်ချက်နှင့် ဆန့်ကျင်နေ ခြင်း ဖြစ်နိုင်သလို အကြောင်းပြချက် တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ယခုအခါ တရုတ်တွင် ဝါဒဖြန့် မီဒီယာများကို သာ ထုတ်ဝေခွင့် ပြုထားသည်။