ငါန်းဇွန်တွင် စစ်ကောင်စီတပ် ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

ဓါတု

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊  ကျင်းသာကျေးရွာမှ မြို့သာမြို့သို့  သွားသော စစ်ကောင်စီတပ်ဖွဲ့ ကားအား ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)  Special Task Force တပ်ခွဲ (၃)ထံက သိရသည်။

ယမန်နေ့ ညနေ ၃ နာရီတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် ပါ ထိုကားအား ပဒေသမိုင်း ငါးလုံးဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)  Special Task Force တပ်ခွဲ (၃)မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

“ထိခိုက်သေဆုံးစာရင်းက စုံစမ်းနေဆဲပဲ အတွင်းသတင်းရမှ ကျွန်တော်တို့သိရတာ။ မနေ့ကတော့ဖြစ်ပြီး အရေးပေါ်လူနာတင်ကား သုံး စီးနဲ့မန္တလေးဘက်ကိုအသားကုန်မောင်းပြေးတယ်”ဟု၎င်းကပြောသည်။

ထို့နောက် ကျင်းသာကျေးရွာနှင့် ထိစပ်နေသောထနောင်းပင်ကျေးရွာတွင် စစ်ကောင်စီတပ်သားများအင်အားဖြည့်တင်း၍ အနီးအနားရှိကျေးရွာများသို့ ကွင်းဆင်းကာ နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း-၆ တပ်ခွဲ(၃)မှ ဦးဆောင်၍ တပ်ရင်း(၂)၊တပ်ရင်း(၁)၊မြောင်မြို့နယ် နဘတ်တိုက်နယ် ပကဖ၊တံတားဦးမြို့နယ် ပကဖ နှင့် တံတားဦးမြို့ ၊ကျေးရွာ ပကဖတို့ပူးပေါင်းပါဝင်ကြောင်းသိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်က ထနောင်းပင်ကျေးရွာတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်ကျင်းသာကျေးရွာသို့ ပြောင်းရွှေ့တပ်စွဲထားသည့် အင်အား ၆၀ ဝန်းကျင်ရှိတပ်ဖွဲ့မှအချို့ဖြစ်ပြီး ယမန်နေ့ကမန္တလေးမြို့သို့အပြန်လမ်းတွင်ကာကွယ်ရေးတပ်များ၏တိုက်ခိုက်ခြင်းခံရတာဖြစ်ကြောင်း ငါန်းဇွန်ဒေသခံအချို့ကဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး