သပိတ်ကျင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု NUG-MOD ထုတ်ပြန်

ရွှေနွယ်(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG-MOD က ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့က သပိတ်ကျင်းမြို့နယ်နှင့် ချောင်းကြီးကြားသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တို့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီအထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ် သည်။ ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၅၀၉) ၊ (၅၁၀) ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁)၊ သပိတ်ကျင်း ပကဖ တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG-MOD မှ ထုတ်ပြန်သည်။

တိုက်ပွဲနှင့်ပတ်သက်၍ မဇ္ဈိမက မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်ထံ ဆက်သွယ်မေးမြန်းရာတွင် “မြေပြင် မှာ လှုပ်ရှားမှုတွေရှိနေဆဲပါ။ ကျွန်တော်တို့ နောက်မှပြောပါမယ်” ဟု ဖြေကြားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို စိစစ်ဆဲဖြစ်ပြီး နယ်မြေလုံခြုံရေးကိစ္စများ ဆောင် ရွက်ပြီးစီးပါက ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUG-MOD ကလည်း ဆိုသည်။

သပိတ်ကျင်းမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး မန္တလေးနှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော် ရေကြောင်းလမ်းတွင် တည်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ကသာခရိုင်မှတဆင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကုတ်မြို့မှတဆင့် ရှမ်းပြည်နယ် ကျောက်မဲနှင့် သီပေါမြို့တို့သို့လည်း ကုန်းလမ်းဆက် သွယ်ရေးကောင်းမွန်သောမြို့ဖြစ်သည်။

စာတည်း။ ။စောဖေ